အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ဟာ မွတ်စလင်ကမ္ဘာကို ထိတွေ့ ဆက်ဆံနိုင်ရေး ကြိုးပမ်းတဲ့ ခရီးစဉ် အစအဖြစ် ဆော်ဒီအာရေးဗီးယား နိုင်ငံကို ဒီနေ့ ရောက်ရှိခဲ့ပါတယ်။ သမ္မတ အိုဘားမား ဟာ အိမ်ရှင် ဆော်ဒီအာရေးဗီးယား ဘုရင် အဒူလာနဲ့ ရီယက် မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်း ပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ အရေးမှာ အီရန် နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ရေနံဈေးတက်လာနေတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ အိုဘားမား ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံကနေ အီဂျစ် နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
အများစိတ်ဝင်စားနေတဲ့ မွတ်စလင် ကမ္ဘာအတွက် ရည်ရွယ်ပြောဆိုမယ့် မိန့်ခွန်းတွေ ပြောဆိုဖို့ ရှိပါတယ်။ အဲဒီမိန့်ခွန်းတွေမှာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိစ္စ၊ ဘာသာရေး အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှု ကိစ္စတွေ ပါဝင်လိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။ အမေရိကန် မွတ်ဆလင် ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် သမ္မတ အိုဘားမားရဲ့ ကြိုးပမ်းမှုဟာ ရေရှည် လုပ်ငန်းစဉ် တရပ်ရဲ့ တစိတ်တပိုင်းသာ ဖြစ်ပြီး ဒီလို မိန့်ခွန်းပြောရုံနဲ့ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ မျှော်လင့် မထားဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ ရောဘတ် ဂဘ်စ် က မနေ့က ပြောဆိုသွားပါတယ်။