သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်ရဲ့ နိုင်ငံရေးပုံစံသစ်


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပုံစံသစ် (new politics) တရပ် ရှာဖွေရတော့မယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ပြောဆိုနေပါတယ်။ ဒီ နိုင်ငံရေးသစ်အယူအဆနဲ့ နိုင်ငံရေးအသစ်ရဲ့ အဓိပ္ပာယ်ကို ပိုမိုသိရှိနိုင်ဖို့ ဦးကျော်ဇံသာကဦးဝင်းတင်ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

“ဒီလိုဗျ၊ New Politics ဆိုတဲ့ အနေအထားက ကျနော် အမှန်ပြောရရင် စကားလုံးကနည်းနည်းတောင် ကြီးကျယ်သွားတယ်ဗျ။ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရတာ။ အမှန်ကတော့ ကျနော်တို့က ဘာဖြစ်လို့ New Politics လို့ သုံးလည်းဆိုတော့ စကားလုံးမရှိလို့ဗျ။ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲနဲ့ ကျနော်တို့ တည်ရှိနေတဲ့ကြားမှာ စစ်အစိုးရကစကားကြမ်းရင်လည်း ခွင့်ပြုပါဗျာ၊ ခွင့်လွှတ်ပါလို့ တောင်းပန်ရမယ်၊ ပရိသတ်ကို။ရှင်းရှင်းပြောရင် သူတို့ကတော့ ရွေးကောက်ပွဲတင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ပဲဖြစ်ဖြစ် ကျနော်တို့ကိုရွေးကောက်ပွဲတင်းကုပ်ထဲကို ဆွဲသွင်းတော့မယ်။ ရှင်းရှင်းပြောရရင် နိုင်ငံရေးမရှိတော့ဘူး၊ သူတို့ဘက်က ဒီ ရွေးကောက်ပွဲကာလ။

“အဲဒါကြောင့် ဒီ နိုင်ငံရေးမရှိခြင်းကို ကျနော်တို့က နိုင်ငံရေးအစားထိုးမှရမယ်၊သို့မဟုတ်လည်း ပုံစံတမျိုးရှာရမယ်။ အဲဒါကြောင့် ကျနော်က စကားလုံးကို နည်းနည်းကြီးကြီးကျယ်ကျယ်ပေ့ါဗျာ၊ နိုင်ငံရေးသစ်တို့ ဘာတို့ဆိုတဲ့ စကားတွေကို ပြောလိုက်ရတာ။ ဆိုလိုတာက ကျနော်တို့ လှုပ်လို့ရှားလို့ရအောင် လုပ်ရတော့မယ်။ ပုံမှန်နည်းမှန်အခုရှိနေတဲ့ အန်န်အယ်လ်ဒီ၊ အန်န်အယ်လ်ဒီမို့လို့ သီးခြားပေါ့ဗျာ။ ဥပမာ ၈၈ မျိုးဆက်ကျောင်းသားမို့လို့၊ ဘုန်းကြီးတွေ၊ သံဃာတွေ၊ တိုင်းရင်းသားတွေ၊ ဒါတွေဟာကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်နေမယ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ မဖြစ်တော့ဘူး။ အနေအထားသစ်အတိုင်း၊ ပြောင်းလဲလာတဲ့ အနေအထားအတိုင်း ကျနော်တို့ ဘာတွေလုပ်နိုင်မလဲ ရှာဖို့လိုတယ်လို့ ကျနော်က ယူဆတယ်။”

ဆရာ အဲဒီ ပုံစံသစ်နဲ့ လှုပ်ရှားလာနိုင်အောင် ဘယ်လိုများ စိတ်ကူးရှိပါသလဲ၊ဘယ်လိုများ လှုပ်ရှားလာနိုင်ပါသလဲ။

“ကျနော်က တပ်ပေါင်းစုတို့ ဘာတု့ိ ဖွဲ့တဲ့ဟာလည်း သိပ်တော့ မမျှော်မှန်းဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်နိုင်ငံရေးမှာလည်း တပ်ပေါင်းစုတို့ဘာတို့ဆိုတာပြောပြီးတော့ ပျက်တာမဟုတ်ဘူးဆိုရင်တောင် အလုပ်မဖြစ်ဘူး။ ကျနော်ပြောချင်တာက စစ်အစိုးရက ကျနော်တို့အပေါ် ဒီလောက်အထိ တင်းတင်းမာမာနဲ့ သို့မဟုတ်လည်းပြတ်ပြတ်တောင်းတောင်းနဲ့ ဆက်ဆံနေတဲ့၊ လုပ်ကိုင်နေတဲ့ အခါမျိုးမှာ ကျနော်တို့အလုပ်ဖြစ်အောင်တော့ အလုပ်ရှာရမယ်လို့ ကျနော်ပြောချင်တာ။ အဲတော့ ပုံစံတခုကဘာလဲဆိုရင် ကျနော်တို့ လက်တွဲကြရမယ်၊ ဒါပဲ။ ကျနော်တို့တွေ လက်တွဲလုပ်မှ။လက်တွဲ မလုပ်လို့ကတော့ မရဘူး၊ ညှိမလုပ်လို့ မရဘူး။ အဲတော့ ကျနော်ပြောလေ့ရှိတဲ့ စကားလုံးကတော့ အသံညီအောင် လုပ်ကြစို့၊ အသံညီရင် အလုပ်ညီလာလိမ့်မယ်။အလုပ်ညီရင် အမြင့်ဆုံးကတော့ အဖွဲ့တောင် ညီနိုင်တယ်ပေါ့ဗျာ။ စုဖွဲ့မှုပေါ့ဗျာ၊လက်တွဲမှုက ညီသွားနိုင်တယ်။ New Politics က အသံညီဖို့လောက်ကို ကျနော်မှန်းပါတယ်။

“ဘာတွေ ကျနော်တို့ လုပ်မလဲဆိုတာကတော့ ကျနော်ပြောချင်တဲ့ပုံစံက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို မူအားဖြင့် ထားမယ်။ အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်မယ်ဆိုတဲ့ဟာ ဒီနေ့အထိ အန်န်အယ်လ်ဒီရဲ့မူခင်ဗျ။ အလားတူပဲ အခြားအခြားသောအဖွဲ့အစည်းများမှာလည်း ဒီမူက ရှိပြီးသားပဲ။ အဲလိုဆို ဒီမူကို ကျနော်တို့ အခြေခံကြမယ်။ နောက်တခုက ကျနော်တို့ လက်တွဲကြတဲ့၊ လှုပ်ရှားကြတဲ့၊ လုပ်ကိုင်ကြတဲ့နေရာမှာ ကျနော်တို့ရဲ့ဘောင်ဟာ ညီညွတ်ရေးဘောင် ထားမယ်။ ညီညွတ်ရေးအတွက်ကျနော်တို့ မူလေးတွေ ချထားမယ်ပေါ့ဗျာ။ အဲဒီလို ကျနော်တို့လုပ်လို့ရှိရင် နိုင်ငံရေးအသစ်ရဲ့ စကားပြောလို့ရလာမယ်၊ ရှာလို့ရလာမယ်၊ ဦးတည်ချက်လေးတွေ၊ မျက်နှာမူရာလေးတွေ တယောက်နဲ့တယောက် ထိန်းမတ်ပြီး သွားလို့ရမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီပုံသဏ္ဌာန်က ဒါပဲခင်ဗျ။”

အသံညီရမယ်ဆိုတာ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ အင်အားစုရဲ့အသံကွဲလွဲနေလို့လားဆရာ။ တချို့သူတွေကတော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့အပိုင်း၊ သူတို့ကတော့ ထားလိုက်ပါတော့။ အများစုက အသံညီမနေဘူးလား၊အစကတည်းက။

“အသံညီပါတယ်။ မညီဘူးလို့ ကျနော်ပြောတာမဟုတ်ပါဘူး။ အသံညီချင်တယ်ဆိုတာက ရွေးကောက်ပွဲနီးလာတဲ့အခါကြတော့ ဖောက်ကြတာတွေက အများကြီးပေါ်လာလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ၊ အန်န်အယ်လ်ဒီထဲတောင်မှဖောက်တဲ့အသံတွေ မပေါ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ကျနော်တို့မှာ ပဲ့တာတွေရှိခဲ့ဘူးပြီ။ မင်္ဂလာဒုံအဖွဲ့တို့ ဘာတို့ဆိုတာတွေ ပဲ့ခဲ့ဘူးပြီ။ ဒါမျိုးဆိုတာက ဘယ်တော့ဖြစ်ဖြစ် ဖြစ်တတ်တဲ့လက္ခဏာပါ။ အဲတော့ ကျနော်တို့က ကိုယ့်ရဲဘော်တွေနဲ့ရောအခြားသော ပါတီအဖွဲ့အစည်းများနဲ့ရော တသွေးတည်း၊ တသံတည်း၊ တစည်းတည်းကိုဖြစ်နေအောင် ကျနော်တို့ စုစည်းဖို့အတွက် အသံညီအောင် လုပ်ဖို့ဆိုတာ ပြောခြင်းဖြစ်ပါတယ်။”

အဖိတ်အစင်လေးတွေ ရှိတတ်တာကတော့ သဘာဝပဲလို့ ဆရာလည်း ပြောပါတယ်။အသံညီဖို့ဆိုတာမှာ အဓိကအားဖြင့် တိုင်ပေးတဲ့လူကတော့ အသံ အကျယ်လောင်ဆုံးနဲ့ညီအောင်လုပ်ပေးရမယ်လို့ ကျနော်ထင်ပါတယ်။ ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အဓိကအားဖြင့် အသံတိုင်ပေးရမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။ဘယ်လောက်များ တညီတညွတ်တည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူများကိုလွှမ်းမိုးနိုင်အောင် အသံထွက်နိုင်မလဲခင်ဗျ။

“အဲဒါနဲ့ပတ်သက်လို့တော့ ကျနော်ပြောနေတာက ကျနော့်သဘောထား၊ အယူအဆလို့ပဲ ပြောရမှာကိုး။ အန်န်အယ်လ်ဒီရဲ့ Policy မဟုတ်သေးဘူးခင်ဗျ။ ခုနပြောတဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေးကလည်း အန်န်အယ်လ်ဒီရဲ့ မူအနေနဲ့ပဲ ရှိနေတယ်။အန်န်အယ်လ်ဒီထဲမှာလည်း ညီညွတ်ရေးဆိုတာ မူအားဖြင့် ရှိနေတယ်။ အန်န်အယ်လ်ဒီဟာ အခြားသောအဖွဲ့အစည်းများနဲ့ တွဲလုပ်ရာမှာ၊ ဥပမာ စီအာပီပီလိုဟာမျိုးမှာတိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တွဲလုပ်နေတယ်။ ဒီဟာ အသံအသစ်မဟုတ်ဘူးခင်ဗျ။အန်န်အယ်လ်ဒီမှာ ရှိပြီးသားကိစ္စပဲ။ ရှိပြီးသားကိစ္စ၊ ရှိပြီးသားသဘောထား၊ ရှိပြီးသားလမ်းညွှန်တွေ ဖြစ်တဲ့အတွက် အသံက တိုင်ရုံပဲရှိတယ်၊ ကျယ်ကျယ်လောင်လောင်လည်း တိုင်နိုင်ပါတယ်။

“အန်န်အယ်လ်ဒီက ဒီဘက်ကိုလှမ်းဖို့အတွက် ဘာမှ မခဲယဉ်းဘူးလို့ ကျနော်တော့ထင်တယ်။ ဒါလည်း ကျနော် အန်န်အယ်လ်ဒီထဲမှာပြန်ပြီး ရှင်းပြရမယ့်၊ တင်ပြရမယ့်ဟာတွေပေါ့။ အခုလည်း အန်န်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပြီးဆောင်ရွက်ရမယ့်တာဝန်တွေ ကျနော့်မှာ အများကြီးရှိပါတယ်။ ဒါတွေအတွက်ကျနော်လုပ်မယ်။ အခြားအခြားသော အဖွဲ့အစည်းများမှာလည်း ဒီသဘောထားရှိမှာပဲ။ဒီသဘောထားရှိမယ်ဆိုရင် ကျနော်က ညှိလို့ရမယ်။ အနည်းဆုံး နိုင်ငံရေးသစ်ပေါ့ဗျာ။”

အန်န်အယ်လ်ဒီကိုတော့ လူအများစုက သုံးသပ်ကြတာက ဒေါ်အောင်ဆန်းစုကြည်မရှိသမျှ ကာလပတ်လုံး၊ ဒေါ်အောင်ဆန်းစုကြည်က အန်န်အယ်လ်ဒီကို ကိုယ်ထိလက်ရောက် ခေါင်းဆောင်နိုင်တဲ့ အခြေအနေ မရောက်သမျှ ကာလပတ်လုံး ဘယ်လိုမှမူဝါဒ တစုံတရာ ပြောင်းလဲလိမ့်မယ်မဟုတ်ဘူး၊ အန်န်အယ်လ်ဒီ လက်ရှိခေါင်းဆောင်ပိုင်းဟာ အန်န်အယ်လ်ဒီ မပြိုကွဲအောင် ထိန်းသိမ်းဖို့ တာဝန်လောက်ကိုပဲ ယူနေတယ်လို့ လူတော်တော်များများ သုံးသပ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆရာပြောတဲ့အန်န်အယ်လ်ဒီက ဦးဆောင်ပြီးတော့ တိုင်ပေးလာမယ့် အဖွဲ့အစည်း ဖြစ်နိုင်မယ့်အလားအလာရော ဘယ်လောက်ရှိပါသလဲဆရာ။

“ခုနပြောသလို ရှိပါတယ်ဗျာ။ ရှိပါတယ်ဆိုတာ မှန်တယ်၊ ဒီဟာမျိုး မှားတယ်၊ အားနည်းတယ်ဗျာ။ ကျနော်တို့မှာ ခြေကုန်လက်ပန်းကျနေတဲ့ အခြေအနေအထိ ရှိတယ်။ ကျနော်ဘာလို့ ဝန်မခံနိုင်ရမှာလဲ၊ ဝန်ခံနိုင်ရမှာပေါ့။ ဒါပေမယ့် ကိုယ့်အကြောင်းပြချက်တော့ရှိမှာပဲ။ ဒီပုဂ္ဂိုလ်များကို အပြစ်တင်ကြမယ်၊ သို့မဟုတ် အန်န်အယ်လ်ဒီကို လက်ညှိုးထိုးကြတာတွေ မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ ဒါတွေအတွက် ဘာမှ ကျနော်တို့ ငြင်းကွယ်နေ၊ ဖုံးကွယ်နေစရာအကြောင်း မရှိဘူး။ ဖြေရှင်းနိုင်ရင်တော့ ကျနော်တို့ ဖြေရှင်းမယ်ပေါ့ဗျာ။ ကျနော်တို့ ပြောနိုင်တာတွေ ပြောမယ်။

“ဒါပေမယ့် သေချာတာတခုကတော့ အန်န်အယ်လ်ဒီဟာ ညီညွတ်ရေးဆိုတဲ့ အခြေခံပေါ်မှာ ရပ်တည်ပြီး တလျှောက်လုံးနေခဲ့တယ်။ ဒီဟာ နောက်ဆုံးပိတ် ရွှေဂုံတိုင်အစည်းအဝေးမှာ ကျနော့်ရဲ့မိန့်ခွန်းထဲမှာ ညီညွတ်ရေးကိုလုပ်ပါ၊ အခြေခံမူတွေကိုကိုင်စွဲပါ၊ မူလမူဝါဒတွေကို ကိုင်စွဲပါ၊ ပြီးတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကိုလုပ်ပါလို့ ကျနော် ထည့်ပြောခဲ့တယ်။ ဆိုလိုတာက ညီညွတ်ရေးကိစ္စ ကျနော်တို့မှာအခိုင်အမာရှိတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ဟာလည်း ကျနော်တို့ရဲ့ပဋိညာဉ်ဗျ၊ မူအရ နဂိုမူ။ အဲတော့ ဒီဟာကို အသံတိုင်ပေးဖို့ဟာ ဒီဟာတွေ နဂိုရှိပြီးသားဖြစ်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ အသံတိုင်စရာ ဘာမှ မခက်ခဲပါဘူး။ကျနော် အဲလိုပဲ ပြောချင်ပါတယ်။ ဒေါ်စုရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ။”

နောက်တခုမေးချင်တာ လူထုနဲ့ပတ်သက်ပါတယ်။ စောစောက ဆရာလည်း ပြောပါတယ်။ ဆရာ့ရဲ့ ရွှေဂုံတိုင်မိန့်ခွန်းထဲမှာ လူထုကို မျက်နှာမူပြီး လုပ်ရမယ်။ တချို့သုံးသပ်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုထောက်ခံမှု အများကြီးရှိတယ်၊ ဥပမာ အိန္ဒိယမှာ မဟတ္တမဂန္ဒီတို့ ဦးဆောင်ပြီးတော့ လွတ်လပ်ရေးတိုက်ပွဲမှာလုပ်ခဲ့တယ်။ သူတို့က လူထုကို ဦးဆောင်ပြီးတော့ ဘာလုပ်ပါ၊ ဥပမာအားဖြင့် နိုင်ငံခြားသား အဝတ်အစား မဝတ်နဲ့၊ ဘယ်ကဲ့သို့လုပ်ပါဟဲ့၊ သပိတ်မှောက်ဆူပူ ဆိုပြီးတော့လူထုကိုဆွဲဆောင်ပြီး လူထုနဲ့တွဲတိုက်တာ ရှိပါတယ်။ ဆိုတော့ ဆရာပြောတဲ့ နိုင်ငံရေးသစ်ဆိုတာမျိုး ဖြစ်လာခဲ့ရင် လူထုရဲ့အခန်းကဏ္ဍကိုရော လူထုကို မျက်နှာမူတယ်ဆိုတဲ့နေရာမှာ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ။ လူထုကို တသားတည်းပါဝင်လာအောင်အဲလို ဆွဲခေါ်မယ့်သဘော ရှိပါသလား။

“အဲဒါတွေကို ပြောတဲ့နေရာမှာ ကျနော်တို့က တခါတလေကြတော့ ခုနပြောသလိုကျနော်တို့နိုင်ငံမှာ တွက်တဲ့ဟာတွေ အကုန်လုံးက ခေါင်းဆောင်ပိုင်းတို့၊ ဌာနချုပ်တို့ဆိုတာတွေထက် ကျနော်မြင်တာကတော့ အန်န်အယ်လ်ဒီဆိုတဲ့ အမည်ခံထားတဲ့လူတွေ၊ အန်န်အယ်လ်ဒီ အင်အားစုတွေ ဘာတွေလုပ်နေသလဲ၊ ဒီလူတွေထဲကလုပ်နိုင်တာ လုပ်နေတယ်၊ မပျောက်ဘူး။ ဆိုလိုတာက အန်န်အယ်လ်ဒီကတော့အကြောင်းအခြေအနေ အမျိုးမျိုး တွက်ရတာပေါ့ဗျာ။ ထားပါတော့၊ ဒါတွေကတော့ဌာနချုပ်အတွင်းကဟာတွေ အကုန်ပြောလို့မရဘူး။

“သို့သော် တချို့ဟာတွေ ကျနော်တို့က လုပ်လို့မရပေမယ့် ကျနော်တို့အဖွဲ့ဝင်တွေလုပ်နေတယ်ဆိုရင်ကို ဒါ အန်န်အယ်လ်ဒီ လုပ်နေတာပဲဗျ။ ဆိုပါတော့ဗျာ၊ အခုမိတ္ထီလာခရိုင်က လုပ်တဲ့လူတွေ၊ ရဲဘော်တွေ လုပ်နေကြတယ်။ ဒါတွေက ကျနော်တို့အဖွဲ့ဝင်တွေဗျ၊ ကျနော်တို့အင်အားတွေ။ Head Quarter ဆိုပြီး အမည်ခံခြင်း မခံခြင်းက တပိုင်း။ ကျနော့်ရဲဘော်တွေ၊ အန်န်အယ်လ်ဒီ အလံတော်အောက်မှာရှိနေတဲ့အဖွဲ့အစည်းတွေ။ ဒီအဖွဲ့အစည်းတွေက လူထုကိစ္စနဲ့ပတ်သက်ပြီး လုပ်နေကြတယ်။လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးတွေ လုပ်နေကြပြီဗျ။ ဒါတွေကို ကျနော်တို့ကကိုယ့်အဖွဲ့ကလုပ်တာပဲ၊ ကိုယ့်လူတွေလုပ်တာပဲ၊ ကိုယ်တို့လုပ်တာပဲလို့ ပြောချင်တယ်။

“အလားတူပဲ တွံတေးမှာ ရဲဘော်တွေရှိတယ်။ ငုံ့ခံမနေဘူး။ ဒီဟာတွေကို ကျနော်တို့စဉ်းစားတဲ့အခါမှာ ဒေါ်စုရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒေါ်စုလမ်းညွှန်တွေကကျနော်တို့ဆီမှာ ရှိပြီးသား ဖြစ်နေပြီ။ ဒေါ်စုရဲ့ခေါင်းဆောင်မှု အရည်အသွေးတွေ၊စံနမူနာ စံနှုန်းတွေက ကျနော်တို့လက်ထဲမှာ ရှိနေပြီ။ ဒေါ်စုတိုက်တွန်းခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့ ညီညွတ်ရေးအားတွေက ကျနော်တို့ဆီမှာ ရှိနေပြီ။ စဉ်းစားကြည့်ဗျာ၊ နှစ်ပေါင်း၂၀ လုံးလုံး ဒီပါတီဟာ အစဉ်လေးတွေ၊ အလွင့်လေးတွေတော့ ရှိတာပေါ့ဗျာ၊ မင်္ဂလာဒုံအဖွဲ့လိုဟာမျိုး၊ ဒီလိုလေးတွေတော့ ရှိတာပေါ့။ သို့သော် ကျနော်တို့ ကွဲပြဲတာမရှိဘူးဗျ။ဒီနေ့အထိ ပါတီမကွဲသေးဘူးဗျ။ ဗမာပြည် နိုင်ငံရေးရာဇဝင်မှာ ဒီလိုဟာမျိုး တွေ့မလား၊မတွေ့ဘူး၊ မလွယ်ဘူး။ အဲတော့ ကျနော်ကတော့ စိတ်မပျက်ဘူး။

“ခုန ခင်ဗျားပြောတဲ့ အန်န်အယ်လ်ဒီဟာ အသံတိုင်နိုင်ပါ့မလားဆိုရင် ကျနော်ကတော့ပြောမှာပဲ၊ တိုင်နိုင်တယ်။ ဘာလို့တိုင်နိုင်လဲဆိုရင် အန်န်အယ်လ်ဒီဟာ ဒီအပေါ်မှာ၊မူလအပေါ်မှာပဲ ရှိနေတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ညီညွတ်ရေး အခြေခံပေါ်မှာပဲ အန်န်အယ်လ်ဒီက တလျှောက်လုံးရှိခဲ့တယ်။ ဆိုတော့ ကျနော်တို့က အသံတိုးတာပဲရှိမယ်၊ တိုးရင် ကျယ်အောင်လုပ်ရမှာပေါ့ဗျာ။ ဒါပဲလို့ ကျနော်ထင်ပါတယ်။”

ပြီးခဲ့တဲ့အပတ် တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ပြောကြားခဲ့တဲ့ နိုင်ငံရေးသစ်ဆိုတဲ့အယူအဆကို ဦးဝင်းတင်က ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG