သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရေး အပစ်ရပ်အဖွဲ့တွေ သဘောကွဲ


မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကချင်ပြည် လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)ကို နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းလဲရေးအတွက် ကေအိုင်အေက လူထုဆီကနေ သဘောထားကောက်ယူမှုတွေ လုပ်နေပါတယ်။
အဲဒီအခါ ကချင်ပြည်သူအများစုက လက်မခံဘူးလို့ ဆိုပါတယ်။ ဒီလို အပစ်အခတ်ရပ် အဖွဲ့အစည်းတွေနဲ့ မြန်မာ စစ်အစိုးရ ရဲ့ ကမ်းလှမ်းချက်အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ထိုင်း အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

စစ်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က လွန်ခဲ့တဲ့အပတ် စနေနေ့ မေလ ၃၀ ရက်နေ့က ကေအိုင်အေဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့မှာ လူထုအစည်းအဝေးကျင်းပပြီး လူထုရဲ့ သဘောထားကို ရယူခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ လူထုဘက်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံတဲ့ အကြောင်း ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူတယောက်က ပြောပါတယ်။

“အဲဒီအချိန်မှာ သုံးယောက်လောက် အကြံဉာဏ်ပေးလိုက်ပါတယ်။ ကျနော်တို့ ရှေးနှစ်ပေါင်းများစွာကတည်းက သူတို့ စကားကိုပဲ လိုက်လျောခဲ့တယ်။ သူတို့ပြောသလို သူတို့ အချိုသတ်တဲ့ဟာကိုပဲ နားထောင်ခဲ့တယ်၊ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အဲဒီယုံကြည်ချက်တွေက တခုမှ ဖြစ်မလာခဲ့ဘူး။ အခုတော့ ကျနော်တို့ နယ်ခြားစောင့်တပ်အနေနဲ့ လုံး၀ အဖြစ်ခံမှာ မဟုတ် ဘူး။

“နယ်ခြားစောင့်တပ်အဖြစ် လုပ်လိုက်မယ်ဆိုရင် ရှေးသေသွားတဲ့ ဘိုးဘေးတွေရဲ့သွေးက ထအော်လာလိမ့်မယ်ပေါ့။ အဲဒီ လိုမျိုး ပြောကြတယ်။ ကျနော်ထင်သလောက် လူထုရဲ့စိတ်ကတော့ လုံးဝမပြောင်းလဲဘူး။ အသွင်းပြောင်းလဲရေးကိစ္စမှာ တချို့က သဘောမတူဘူး။ တချို့ကတော့ အသွင်ပြောင်းရမယ်။ ဒါပေမယ့် လက်နက်မချဘူး၊ နယ်ခြားစောင့်တပ် မလုပ် ဘူး။ အသွင်ပြောင်းတာကတော့ နာမည်ပြောင်းရင် ပြောင်းမယ်၊ အဲဒီလောက်ပဲ ရှိရင်ရှိမယ်။”

ကေအိုင်အေအဖွဲ့နဲ့ နီးစပ်တဲ့ ကချင်အမျိုးသမီးတယောက်ကလည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ကချင်လူထုရဲ့ သဘောထားကို အခုလို ပြောပြပါတယ်။

“လူထုအများစုကတော့ လက်မခံဘူး၊ မကြိုက်ပါဘူး။ ရိုးရိုးပြည်သူတွေ၊ သူတို့အထဲက ဝန်ထမ်းတွေကရော အဲဒါကို လက်မခံချင်ကြဘူး။ ကေအိုင်အေတပ်ထဲမှာလည်း အဲဒါကို လက်မခံချင်တဲ့အုပ်စုက များမယ်ထင်တယ်။”

ကေအိုင်အိုအဖွဲ့ ဒုတိယသဘာပတိ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ မိုင်ဂျာယန်မှာ အလားတူ လူထု အစည်းအဝေးတခု ကျင်းပဖို့ ရှိနေပါတယ်။

ကချင်သတင်းဌာနအယ်ဒီတာ ကိုနော်ဒင်းကတော့ ကေအိုင်အိုကိုရောက်လာတဲ့ စာအတော်များများကလည်း လက်မခံဖို့ အကြံပြုထားတယ်လို့ ကြားသိရတယ်လို့ ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ
ဦးအောင်ကျော်ဇောကတော့ တခြားအပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်၊ ဝနဲ့ မုံးလားအဖွဲ့တွေနဲ့ သူတို့ပြည်သူတွေရဲ့ သဘောထားကို အခုလိုပြောပြပါတယ်။

“ဒီတိုင်းရင်းသားများအဖွဲ့ မြန်မာပြည်တွင်း အခြေအနေကို မြင်တဲ့အခါကြတော့ ဗမာ ဗမာအချင်းချင်းတောင် ဒီလောက် ရက်ရက်စက်စက်လုပ်တယ်။ ဗမာဘုန်းကြီးတွေကို ဒီလိုလုပ်တယ်။ နောက်ဆုံး ကမ္ဘာသိ၊ နိုင်ငံသိ ဒေါ်အောင်ဆန်းစုကြည် တောင် ဒီလိုလုပ်တယ်ဆိုရင် ငါတို့အမျိုးသားခေါင်းဆောင်တွေကတော့ လူမသိ သူမသိ အချိန်မရွေး ထောင်ထဲ ဝင်သွား နိုင်တာပဲဆိုတဲ့ အချက်တွေ ရှိတယ်။ အဲဒီ မယုံကြည်မှုတွေပေါ့။ အဲတော့ ဒီဟာကို လက်ခံနိုင်ဖို့ဆိုတာက လူထုလည်း ခက်ခဲ ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းကလည်း ခက်ခဲပါတယ်။”

မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကမ်းလှမ်းတာကို ဝပြည်သွေးစည်းညီညွတ်ရေးပါတီက လက်မခံဘူးလို့ တုံ့ပြန်ထားပြီး ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မုံးလားအဖွဲ့ကတော့ တပ်အသွင်ပြောင်းရေးကို မူအရ လက်ခံ ပေမဲ့ မြန်မာစစ်တပ်က အရာရှိတွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းရေးကို လက်မခံနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ကိုးကန့်အဖွဲ့ ကတော့ ပြတ်ပြတ်သားသား တုံ့ပြန်တာ မကြားသိရသေးပါဘူး။

အခုလို အပစ်ရပ်အဖွဲ့တွေက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာ နိုင်တဲ့ အခြေအနေကို ဦးအောင်ကျော်ဇောက အခုလို သုံးသပ်ပါတယ်။

“အခုလို ဝက ၂၀ ရက်နေ့ အကြောင်းပြန်ပြီးနောက်ပိုင်း ကျနော်တို့တွေ့တဲ့ တပ်အပြောင်းအရွှေ့ ဘာညာ ထူးခြားမှု မရှိပါ ဘူး။ တဘက်ကလည်း စစ်ဆင်ရေးလုပ်ဖို့ဆိုတာ လက်တွေ့ကတော့ မဖြစ်နိုင်ဘူး။ ဘာလို့မဖြစ်နိုင်လဲဆိုတော့ တစ်အချက် ပြည်တွင်းမှာ ဒေါ်စုကိစ္စက နိုင်ငံရေးအရ အကျပ်အတည်း အကြီးကြီး ဖြစ်နေတယ်၊ နိုင်ငံတကာနဲ့ ပတ်သက်ရင်။နှစ်အချက် က ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေဆိုတာက နှစ် ၂၀ အတွင်းမှာ သူ နိုင်ငံတကာကို မျက်နှာပြပြပြီး ပြောနေရတဲ့ သူ့အတွက် အမှတ်တစုံတရာ ရစေတဲ့အချက် ဖြစ်နေတာကိုး။ အဲဒါကြီးကို သေနတ်သံပြန်မြည်တယ်ဆို သူရထားတဲ့ အချက်အလက် ကလည်း ပျက်စီးသွားမှာ။ အဲတော့ သူ့မှာ ဘာမှ မကျန်တော့ဘူး။ ဒါကြောင့် သူ မလုပ်ရဲဘူးဗျ။”

တရုတ်-မြန်မာနယ်စပ်က အပစ်ရပ်အဖွဲ့တွေရဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဘက်က ဒီကေဘီအေလို ကရင်အပစ်ရပ်အဖွဲ့နဲ့ လူအင်အား လက်နက်အင်အား နည်းပါးတဲ့ အဖွဲ့ အစည်း တော်တော်များများကတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံထားကြောင်း သိရပါတယ်။

မြန်မာစစ်အစိုးရရဲ့ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ အပစ်ရပ် မွန်ပြည်သစ်ပါတီကတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး တိတိကျကျ သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG