သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေတရားရုံးမှာ သတင်းထောက်တွေ ပြန်ကြားရေးဌာနကိုအနိုင်ရ


ဇင်ဘာဘွေနိုင်ငံသား သတင်းစာဆရာ လေးဦးက သူတို့အစိုးရအပေါ်မှာ အနိုင်ရရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်ပါတယ်။ ဒီသတင်းသမား လေးဦးတို့က အစိုးရရဲ့ သတင်းနဲ့ ပြန်ကြားရေး ကော်မရှင်ကို ဥပဒေကြောင်းအရ စိန်ခေါ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အာဏာရှင် အစိုးရအပေါ်မှာ သတင်းထောက်တွေကို အနိုင်ပေးတဲ့ ဇင်ဘာဘွေက အမှု ကိစ္စအကြောင်းကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

သတင်းသမားတွေကို ခွင့်ပြုချက်ထုတ်ပေးတာ၊ သူတို့ရဲ့လုပ်ငန်းမှာ အစိုးရရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ဝင်ရောက် စွက်ဖက်နေတာတွေကို ရပ်ဆိုင်းဖို့ ဇင်ဘာဘွေ တရားရုံးက အမိန့်ချမှတ်လိုက်ပြီလို့ ဟာရယ်ရီ မြို့တော်ကနေ သတင်းထောက် အိရှ်မာဖွန်ဒီကွာ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

အစိုးရ ပြန်ကြားရေးကော်မရှင်ဟာ သတင်းထောက်တွေဆီက ခွင့်ပြုချက်တွေအတွက် အခကြေးငွေ ကောက်ခံနေတာကို ရပ်ဆိုင်းရမယ်လို့ တရားသူကြီး ဘားရက် ပတဲလ် က သောကြာနေ့က အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ကော်မီဆာ လို့ ခေါ်တဲ့ အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်း ဘုံဈေးထိပ်သီးစည်းဝေးပွဲကို လာရောက်သတင်းယူချင်တဲ့ သတင်းထောက်တွေအနေနဲ့ သူတို့ဆီမှာ မှတ်ပုံတင်ရမယ်၊ ခွင့်ပြုချက်ယူရမယ်ဆိုပြီး ပြီးခဲ့တဲ့ အပတ်က အမိန့်ထုတ်ခဲ့ပါတယ်။ ဒါကို ဆန့်ကျင်ပြီးတော့ အခုလို တရားရုံးက ဆုံးဖြတ်ချက် ချလိုက်တဲ့ကိစ္စ နဲ့ပတ်သက်ပြီး သတင်းထောက်များရဲ့ အကျိုးဆောင် ရှေ့နေဖြစ်တဲ့ ဆယ်လ်ဒီဟွာချာ က ဗွီအိုအေ ကို အခုလို ရှင်းပြပါတယ်။

“ဒါဟာ ယာယီအမိန့်တရပ် ဖြစ်ပါတယ်။ အပြီးသတ်အမိန့်ဖြစ်လာအောင် တရားရုံးကို ပြန်သွားရပါလိမ့်ဦးမယ်။ အဲဒီ အခါကျတော့ သတင်းနဲ့ပြန်ကြားရေး ကော်မရှင် တကယ်ဆက်ရှိနေဦးမလား။ ရေရှည်မှာ ဒါမျိုးတွေ ဆက်လုပ် နေဦးမလား ဆိုတဲ့ကိစ္စတွေပါ ပါလာပါလိမ့်မယ်။ ကျနော့်အမြင်မှာတော့ သတင်းနဲ့ပြန်ကြားရေးကော်မရှင်ဆိုတာ ဆုံးခန်းတိုင် သွားပါပြီ။”

ဒါကို တဖက်က အယူခံဝင်မယ်ဆိုရင် ၁၀ ရက် အချိန်ရတယ်လို့လည်း ဆိုပါတယ်။ သတင်းအချက်အလက် ရယူမှုနဲ့ ကိုယ်ရေးကိုယ်တာ ထိပါးမှု ကာကွယ်ရေး ဥပဒေအရဆိုရင် သတင်းအဖွဲ့အစည်းတွေ သတင်းဌာနတွေဟာ MIC လို့ခေါ်တဲ့ မီဒီယာ နဲ့ ပြန်ကြားရေးကော်မရှင်ဆီမှာ မှတ်ပုံတင်ဖို့ လိုအပ်ခဲ့ပါတယ်။ အဲဒီလို မှတ်ပုံတင်ဖို့ ပျက်ကွက်လို့ ၂၀၀၃ ခုနှစ်က ဆိုရင် Daily News ဆိုတဲ့ သတင်းစာကြီး အပိတ်ခံခဲ့ရပါတယ်။ သတင်းစာဆရာတချို့လည်း ထောင်ကျသူ ကျ၊ ဒဏ်ရိုက်ခံ ထိသူထိ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံခြားသတင်းထောက်တွေ ဇင်ဘာဘွေ နိုင်ငံထဲကို ဝင်ချင်တယ်ဆိုရင် ဇင်ဘာဘွေ အစိုးရဟာ အခကြေးငွေ အမြောက်အများ တောင်းခံလေ့ရှိပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဝန်ကြီးချုပ် မော်ဂန်ရှန်ဂရိုင်း ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရ မဖွဲ့ခင်မှာ ဒီ MIC ကို ပိတ်ပင်တဲ့အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီအဖွဲ့အစည်းနေရာမှာ အစားထိုး ဖွဲ့စည်းမှုတော့ တစုံတရာ မလုပ်ခဲ့ သေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG