သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ဒုတိယသက်သေ ရန်ကုန်တိုင်းတရားရုံး လက်ခံ


ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာနေတဲ့ တရားခွင်မှာ သူ့ဘက်က
ခုခံချေပမယ့် သက်သေတွေအနက် ပယ်ချခံထားရသူတွေကို လက်ခံဖို့ ဥပဒေ
အကျိုးဆောင်တွေက ကြိုးပမ်းခဲ့ပေမယ့် တယောက်ကိုသာ ပြန်ပြီးလက်ခံလိုက်ပါတယ်။

အစောပိုင်းတရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည်
သုံးသပ်လက်ခံဖို့ အကျိုးဆောင်ရှေ့နေတွေရဲ့ ပြင်ဆင်ချက် လျှောက်ထားတာကို
ကြားနာခဲ့တဲ့ ရန်ကုန်တိုင်းတရားရုံးက သက်သေအဖြစ် တင်သွင်းထားသူတဦးဖြစ်တဲ့
တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးကိုသာ လက်ခံဖို့ ဒီကနေ့ပဲ ဆုံးဖြတ်
ချက် ချမှတ်လိုက်တာပါ။ တရားခွင်အခြေအနေတွေကို တောက်လျှောက်စောင့်ကြည့်
နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်း
တာမှာ ၃ ယောက်ကို ပယ်ချထားတာမို့ သူတို့ကိုခွင့်ပြုဖို့ ဥပဒေအကျိုးဆောင်တွေက
ကြိုးပမ်းခဲ့ပေမယ့် အခုနောက်ဆုံး နောက်ထပ်တယောက်ကိုပဲ လက်ခံလိုက်တာပါ။
တားဆီးကန့်သတ်ထားတဲ့အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့
ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ သက်သေ ၄ ယောက်အဖြစ်နဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီက
ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ
ဒေါ်ခင်မိုးမိုးနဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း
တို့ကို တင်သွင်းခဲ့ပေမယ့် အစောပိုင်းမှာ ဦးကြည်ဝင်း တဦးတည်းကိုသာ တရားရုံးက
ခွင့်ပြုခဲ့တာပါ။

ဒါကြောင့်မို့လို့ ဒါကို ပြန်လည်သုံးသပ်ဖို့ ရန်ကုန်တိုင်းတရားရုံးကို ပြင်ဆင်ချက်
လျှောက်ထားခဲ့ပေမယ့် ဒေါ်ခင်မိုးမိုးကိုပဲ လက်ခံဖို့ အခုနောက်ဆုံး ဆုံးဖြတ်ခဲ့တာဟာ
ဥပဒေနဲ့ မညီတာမို့ တရားရုံးချုပ်အထိ ဆက်ပြီးလျှောက်လဲသွားမယ်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက
ပြောပါတယ်။

“ဒီနေ့ညနေ ၃ နာရီ တိုင်းတရားရုံးမှာ အမိန့်ချပါတယ်။ အမိန့်ကတော့ သက်သေ
ပယ်ထားတဲ့ ၃ ယောက်မှာ ဆရာဦးဝင်းတင်ရယ်၊ ဦးတင်ဦးရယ်ကိုတော့ ခွင့်မပြုဘူး။
ရှေ့နေ ဒေါ်ခင်မိုးမိုးကိုတော့ သူတို့ ခွင့်ပြုတယ်ဆိုတဲ့အမိန့် ချတယ်။ အကျိုးအကြောင်း
သိပ် Reason မပေးဘူးဗျ။ အဓိက ကျနော်ပြောချင်တာက မူလရုံးက ချမှတ်ခဲ့တဲ့အမိန့်
က ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီဘူး၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မရေးဘူးလို့ ကျနော်တို့က
ဒီလိုပြောတယ်။ ဒီလိုပြောတဲ့အခါမှာ အခုတရားရုံးက ဒီသက်သေ ၃ ယောက်စလုံးနဲ့
ပတ်သက်ပြီးတော့ ဥပဒေမှာပါတဲ့အတိုင်း မရေးတာတော့ လက်ခံတယ်။ မရေးပေမယ့်
ရေးသကဲ့သို့ မှတ်ယူတယ်ဆိုပြီး အဲဒီဟာကို သူက အောက်ရုံးမှန်တယ်ပေါ့။

“သို့သော်လည်းဆိုပြီးတော့မှ သက်သေတဦး စစ်ဆေးတဲ့အပြင် ဒေါ်ခင်မိုးမိုးကို
စစ်ဆေးဖို့ ခွင့်ပြုတယ်ဆိုပြီး အဲဒီလို အမိန့်ချတယ်။ ကျနော်တို့သဘောထားက အဲဒီလို
မှတ်ယူလို့မရဘူး။ ဥပဒေမှာသုံးတာတော့ Presume ပေါ့၊ Presume မလုပ်နိုင်ဘူး၊
Presume လုပ်ခွင့်မရှိဘူး။ ဒါကြောင့် ဒီအမိန့်ကလည်း ဥပဒေနဲ့မညီဘူး။ ကျနော်တို့က
ဥပဒေနဲ့ မညီတဲ့ဟာကို လမ်းဆုံးတိုင်အောင် တင်ပြဖို့တာဝန်ရှိတယ်။ ဒါကြောင့်
ဒီဟာကို မိတ္တူကူးထားတယ်။ မနက်ဖြန်ရမယ်လို့ ဆိုတယ်။ ရရချင်းပဲ ကျနော်တု့ိ
တရားရုံးချုပ်ကို ထပ်ပြီးတင်ပါ့မယ်။”

အစောပိုင်းတရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ
၁ ယောက်သာ တင်ပြထွက်ဆိုခွင့်ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်
တွေဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့် ရခဲ့တာမို့လို့
လည်း ဒါဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရှေ့နေတွေက ပြောထားတာပါ။ အခု
နောက်ဆုံး ပြင်ဆင်ချက်ကို ကြားနာတယ်ဆိုပေမယ့်လည်း နောက်ထပ် သက်သေ
၁ ဦးတည်းကိုသာ လက်ခံခဲ့တာမို့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားဥပဒေ
အရ ခုခံပိုင်ခွင့်ကို ငြင်းပယ်ရာ ရောက်နေဆဲပဲလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိကကျတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို လက်မခံဘဲ ဥပဒေအချက်အလက်နဲ့
ပတ်သက်ပြီး စစ်ဆေးပြီးသား ဦးကြည်ဝင်းရှိတယ်။ အဲတော့ နောက်ထပ် ဥပဒေ
အချက်အလက်ပြောမယ့် တယောက်ကို ခွင့်ပြုတယ်ဆိုတော့ အမြင်အရကိုက ခုခံ
ချေပခွင့်ကို တစိတ်တပိုင်းအားဖြင့် ငြင်းပယ်ထားတယ်။ ခုခံချေပခွင့်နဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်က ဘယ်သက်သေကိုပဲဖြစ်ဖြစ် ရုံးတင်စစ်ဆေးလို့ရတယ်။
အဲလိုစစ်ဆေးတဲ့နေရာမှာ ရုံးက ဒီလို ငြင်းပယ်ခွင့်မရှိဘူး။ ငြင်းပယ်မယ်ဆိုရင်လည်း
ဥပဒေပြဋ္ဌာန်းချက်နဲ့အညီပဲ ငြင်းပယ်ရမယ်။ အခုက ပြဋ္ဌာန်းချက်မှာမပါတဲ့ ကိစ္စတွေ
ကိုသာ ဖော်ပြပြီး ငြင်းပယ်တဲ့အတွက် ဒီတိုင်းရုံးရဲ့ အမိန့်ကိုလည်း ဥပဒေအရ
မှန်ကန်မှုမရှိဘူးလို့ ယူဆပါတယ်။”

အခုလို ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာတဲ့ ရန်ကုန်တိုင်းတရားရုံးမှာတော့ အင်းစိန်
ထောင်တွင်းမှာလို တံခါးပိတ်ကြားနာတာမျိုး မဟုတ်တာမို့ လာရောက် အကဲခတ်
နားထောင်သူ အများအပြား ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ လုံခြုံရေးအစီအမံတွေ
တင်းတင်းကျပ်ကျပ် ချထားတဲ့ ဒီတရားခွင်မှာ သတင်းထောက်တွေကိုတော့
တက်ရောက်ခွင့် မပေးခဲ့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပရိသတ်အနေနဲ့တော့ တိုင်းတရားရုံးမှာ အမည်းဝတ်တာပေါ့၊ အမည်းဝတ်တယ်
ဆိုတာ တိုက်ပုံအနက်ဆိုတော့ ရှေ့နေတွေပေါ့၊ အမျိုးသမီး၊ အမျိုးသား အပြည့်ရှိတယ်။
ပြီးတော့ အစိုးရဘက်ကလည်း ရုံးပတ်ဝန်းကျင်ကို လုံခြုံရေး အထူးချတယ်၊ လုံထိန်း
တပ်တွေလည်း အများကြီးရှိတယ်။ သတင်းသမားတွေ လာတယ်၊ ရုံးနားကို ကပ်ခွင့်
မရဘူး။ ရုံးပြီးတော့ ၁၀ မိနစ်လောက်မှ သူတို့နဲ့ကျနော် လမ်းမှာတွေ့တယ်။ ကျနော်
လမ်းမှာပဲ သူတို့မေးတာကို ပြောလိုက်တယ်။”

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ်သက်သေတွေ ထွက်ဆိုခွင့်ရဖို့
လျှောက်လဲခဲ့တဲ့ တရားခွင်က အခြေအနေတွေကို ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့
ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ရန်ကုန်တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်အရဆိုရင်တော့ မူလက
သတ်မှတ်ထားတဲ့ တရားရုံးအစီအစဉ်တွေမှာလည်း အပြောင်းအလဲတွေ ရှိလာလိမ့်
မယ်လို့ မျှော်လင့်ရပါတယ်။ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ အခု
လာမယ့် သောကြာနေ့ကြရင် လျှောက်လဲချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့်
သတ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း ဒီအစီအစဉ်တွေ အပြောင်းအလဲ ရှိလာတော့
မှာပါ။ အခုနောက်ဆုံး သက်သေအဖြစ် ခွင့်ပြုခဲ့တဲ့ တောင်ကြီးမြို့က တရားရုံးချုပ်
ရှေ့နေ ဒေါ်ခင်မိုးမိုး တရားခွင်မှာ ထွက်ဆိုခွင့်ရက်ကိုလည်း အဲဒီနေ့မှာပဲ သတ်မှတ်
ဖွယ်ရာရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့
ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG