သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အင်ဒို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတောင်းဆို


ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ
တရားစွဲဆိုမှုဟာ အခြေအမြစ်မရှိတာကြောင့်
ဖမ်းဆီးထားရာကနေ အမြန်ဆုံးပြန်လွှတ်
ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်
ဝိရာယုဒ (Hassan Wirajuda) တို့က ပူးတွဲ
သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုသွား
ပါတယ်။ ဝန်ကြီး ၂ဦးရဲ့ သတင်းစာ
ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ စောင့်ကြည့်
ထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထား
ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ၂ဦးစလုံးဟာ သတင်းစာရှင်းလင်းပွဲ မလုပ်ခင်ကတည်းက မြန်မာ
နိုင်ငံအရေးကိစ္စကို အလေးထား ဆွေးနွေးခဲ့ကြပုံ ပေါ်ပါတယ်။ ကမ္ဘာ့နိုင်ငံအရေးကိစ္စမှာ
မြန်မာ့အရေးကို နှစ်ဦးစလုံးက အလေးပေး ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု
အနေနဲ့တော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခု
အာဏာပိုင်တွေက တရားစွဲဆိုတာဟာ အခြေအမြစ် လုံးဝမရှိဘူးလို့ တစိုက်မတ်မတ်
ပြောခဲ့သလို အခုသတင်းစာရှင်းလင်းပွဲမှာလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က
ဒါကို ထပ်လောင်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးအတွက်
အာဆီယံနိုင်ငံတွေရဲ့ တောင်းဆိုမှုကိုလည်း ချီးကျူးပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တင်ထားတဲ့ စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးဆိုတာ
ပြောပါရစေ။ သူ့ကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ အင်ဒိုနီးရှား
အပါအဝင် အခြား အာဆီယံနိုင်ငံတွေကလည်း အလားတူပြောဆိုပြီး ဒေါ်အောင်ဆန်း
စုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကျေးဇူး
တင်ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝိရာယုဒကလည်း မြန်မာနိုင်ငံအနေနဲ့
လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာစေဖို့ရာ အာဆီယံပဋိညာဉ်အရ အသင်းဝင်းနိုင်ငံ
တနိုင်ငံအနေနဲ့ တာဝန်ရှိတယ်ဆိုတာကို သတိပေးပြောသွားပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေ
ထဲမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စိတ်မသက်သာစရာ အကြောင်းအရာတွေလည်း
ပါပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့
ဖြစ်ရပ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ရမယ့်
အချိန်ကျကာမှ ခုလိုထပ်ဖြစ်လာတာမို့ ကျနော်တို့အနေနဲ့ ပြင်းထန်တဲ့ ကြေညာချက်
တရပ် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းသစ်ပါ
အချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပေးထားခဲ့ပါ
တယ်။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်
တွေက တောင်းဆိုထားခဲ့ကြပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ၂ဦးဟာ မြန်မာ့အရေးကိစ္စကို ပြောဆိုသလိုပဲ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းစံထားတွေမှာ နှစ်နိုင်ငံ သဘောထားတူကြတဲ့ကိစ္စ၊ အခြား
အင်ဒိုနီးရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးအကူအညီကိစ္စ၊ နိုင်ငံ
တကာအရေးမှာတော့ အခြားနျူကလီးယားအရေးကိစ္စ၊ အာဆီယံဒေသတွင်း
တည်ငြိမ်ရေး၊ လုံခြုံရေးကိစ္စ၊ အရှေ့အလယ်ပိုင်းအရေး၊ လက်ဘနွန်ရွေးကောက်ပွဲ
ကိစ္စတွေကိုလည်း ပြောဆိုသွားကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၂ဦးဟာ အခု
နှစ်ဆန်းပိုင်းကပဲ အင်ဒိုနီးရှားမှာ တခါ တွေ့ခဲ့ဖူးပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ
မနေ့မနက်ပိုင်းကတော့ ဝါရှင်တန်ဒီစီက Carnegie Endowment ဆွေးနွေးပွဲမှာ
တက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ပြဿနာတွေအပေါ်အမြင်
စတာတွေ ရှင်းလင်းသွားခဲ့ပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံကိစ္စကို အတော်လေး
ပြောသွားပါတယ်။

မြန်မာ့အရေးကို ဒေသတွင်းနိုင်ငံတွေက အဓိက ထိစပ်ကိုင်တွယ်သွားဖို့ လိုမယ်လို့
ယုံကြည်တာကြောင့် အင်ဒိုနီးရှားကပဲ ကမကထ ဦးဆောင်ပြီး မြန်မာ့အရေး ဒေသတွင်း
အဖွဲ့တခု ဖွဲ့စည်းခဲ့တာတွေကိုလည်း ပြောပါတယ်။ ဒါ့အပြင် အာဆီယံအတွင်းမှာ
ဗီယက်နမ်လိုနိုင်ငံကတောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေလုပ်ဖို့ ဖိအားပေး
တိုက်တွန်းလာတာကြောင့် အာဆီယံအတွင်း တိုးတက်မှုရှိလာတာကိုလည်း ပြောသွား
ပါတယ်။ တဘက်မှာတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူ
ဒဏ်ခတ်တာဟာ မြန်မာလူထုကိုပဲ ထိခိုက်စေတယ်ဆိုပြီး ကန့်ကွက်ပြောဆိုသွား
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG