မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုနေတဲ့
ကိစ္စမှာ နောက်ထပ် သက်သေထွက်ဆိုမယ့်သူ ၂ဦးကို ခွင့်ပြုဖို့ သူ့ရဲ့ရှေ့နေတွေက
တရားရုံးချုပ်မှာ ဒီကနေ့ ကြာသပတေးနေ့မှာ အယူခံလွှာတင် လျှောက်ထားမှာ
ဖြစ်ပါတယ်။
အမှုကိုစစ်ဆေးနေတဲ့ ခရိုင်တရားရုံးကနေ ထုချေသူတွေဘက်က တင်သွင်းတဲ့
သက်သေ ၄ဦးထဲက ၁ဦးကိုပဲ လက်ခံခဲ့ပြီး ကျန် ၃ဦးကို ပယ်ချခဲ့ပြီးတဲ့နောက် ရှေ့နေ
တွေက တိုင်းတရားရုံးကို အယူခံလွှာ တင်သွင်းခဲ့ပါတယ်။ တိုင်းတရားရုံးက ဒီကိစ္စကို
ကြားနာပြီးတဲ့နောက် ၃ဦးထဲက ၁ဦးကိုပဲ ပြန်ခွင့်ပြုခဲ့ပြီး ၂ဦးကို ပယ်ချထားတာကို
တော့ အတည်ပြုခဲ့ပါတယ်။
ဒီကိစ္စကို ဆက်ပြီး အယူခံလွှာတင်သွင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ်
လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို
ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ အင်းစိန်ထောင်ဝင်းထဲမှာ ထိန်းသိမ်းထားတဲ့ ဒေါ်စုနဲ့
တွေ့ဆုံခွင့်ရတဲ့အချိန်မှာ အခုလိုညွှန်ကြားခဲ့တာလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ခုခံသူတွေဘက်က တင်သွင်းခဲ့တဲ့ သက်သေတွေထဲမှာ ခုချိန်ထိ ပယ်ချခံထားရတဲ့
သက်သေ ၂ဦးကတော့ နေအိမ်အကျယ်ချုပ်ကျနေတဲ့ အန်န်အယ်လ်ဒီ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာ
ဆရာကြီး ဦးဝင်းတင်တို့ ဖြစ်ပါတယ်။ ပြန်ခွင့်ပြုခဲ့တဲ့ သက်သေကတော့ ဥပဒေပညာရှင်
ဒေါ်ခင်မိုးမိုးဖြစ်ပြီး နောက်ဥပဒေပညာရှင်တဦးဖြစ်တဲ့ ဦးကြည်ဝင်းကတော့ အစောပိုင်း
အမှုစစ်ဆေးချိန်တုန်းက သက်သေထွက်ဆိုခဲ့ပြီးပါပြီ။
မနက်ဖြန်ကျရင် အင်းစိန်ထောင်ဝင်းထဲက အထူးတရားရုံးမှာ အမှုကို ဆက်ပြီးစစ်ဆေး
ဖို့ ရှိပါတယ်။
ဒီအတောအတွင်းမှာပဲ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေထဲက တဦးဖြစ်သူ
ဦးလှမျိုးမြင့်ရဲ့ မိသားစုကို ဖိအားပေးခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
ဦးလှမျိုးမြင့်ရဲ့ ဇနီးဖြစ်သူဟာ အစိုးရ၀န်ထမ်းတဦးဖြစ်ပြီး ဒီသီတင်းပတ်မှာ အလုပ်က
ထုတ်ပစ်တာကို ခံခဲ့ရပါတယ်။ ဘာ့ကြောင့် အလုပ်ကနေ ထုတ်ပစ်တယ်ဆိုတာကို
ရှင်းရှင်းလင်းလင်း မသိရဘဲ ဒေါ်စုအမှုမှာ ခင်ပွန်းသည် လိုက်ပါဆောင်ရွက်နေတာကို
မေးမြန်းတာတွေတော့ ရှိခဲ့ပါတယ်။
ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရက ဥပဒေအရ လုပ်ဆောင်တာဖြစ်တယ်လို့
ပြည်တွင်းပြည်ပမှာ ပြောဆိုနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေး
ပယောဂနဲ့ လုပ်တာဖြစ်တယ်လို့ ပြောထားပါတယ်။