သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဖိအားပေးခံနေရ


ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေ
အကျိုးဆောင်တွေအပေါ် အာဏာပိုင်တွေက ဖိအားပေးမှုတွေ ရှိလာနေတယ်လို့
ရှေ့နေတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ မြန်မာနိုင်ငံက
တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ သံသယတွေ ဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်း
စုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ကြားနာနေတဲ့
တရားခွင်အခြေအနေတွေကို တောက်လျှောက် စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။

တရားစွဲဆို ကြားနာမှုတွေ လုပ်ဆောင်နေစဉ် ကာလအတွင်း ဥပဒေနဲ့မညီတဲ့ကိစ္စတွေ
ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောဆိုနေချိန်မှာပဲ အခုနောက်ဆုံး
အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူ့ရဲ့ရှေ့နေတွေအပေါ် ဖိအားပေးခံရတယ်ဆိုတဲ့
သတင်းတွေလည်း ထွက်ပေါ်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေ
အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတဦးဖြစ်သူ ဦးလှမျိုးမြင့်ရဲ့ ဇနီးသည်ဖြစ်သူဟာ
ဒီတပတ်ထဲမှာပဲ သူ့ရဲ့အလုပ်က ထုတ်ပစ်တာကို ခံလိုက်ရတာပါ။

ထုတ်ပယ်တဲ့အကြောင်းက ရှင်းရှင်းလင်းလင်း မရှိပေမယ့် အစောပိုင်းမှာ အာဏာပိုင်
တွေက ခင်ပွန်းသည် အမှုမှာ ဆောင်ရွက်နေတာတွေကို မေးတာမြန်းတာတွေ ရှိခဲ့တာ
မို့ ဒီကိစ္စက သူ့ရဲ့အမှုမှာ လိုက်ပါဆောင်ရွက်နေတာနဲ့ ဆိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်း
စုကြည်က ယုံကြည်ထားသလို ဒါဟာလည်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့
မေးခွန်းထုတ်စရာ ဖြစ်ရတယ်လို့ ပြောလိုက်ပါတယ်။ ရန်ကုန် အင်းစိန်ထောင်ထဲမှာ
သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ မနေ့တုန်းက တနာရီကျော်ကြာ တွေ့ဆုံချိန်မှာ အဲဒီလို
မှတ်ချက်ပေး ပြောဆိုလိုက်တာလို့ သူ့ရဲရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက
ပြောပါတယ်။

“သူက ဗဟိုသမဝါယမအသင်းမှာ အကြီးတန်းမန်နေဂျာ လုပ်တယ်။ နဂိုကတော့
သမဝါယမ ဦးစီးဌာနက ဝန်ထမ်းပေါ့။ အဲဒီက ပင်စင်ယူပြီး ဗဟိုသမအသင်းမှာ
ဆက်လုပ်တာပေါ့။ လွန်ခဲ့တဲ့ ၁၀ရက်လောက်ကစပြီး ဦးလှမျိုးမြင့် ဒီအမှုကို လိုက်ပါ
ဆောင်ရွက်တဲ့ကိစ္စတွေ သူ့ကို ဌာနက မေးတာတွေရှိတယ်။ အဲဒီနောက်ပိုင်း ၉ရက်နေ့
ကြတော့ ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ အလုပ်ထုတ်လိုက်တယ်။ ဒါနဲ့ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မှတ်ချက်ကလည်း ကိုလှမျိုးမြင့်က ပြောတယ်၊ ဒါ ကိစ္စ
မရှိဘူး၊ သူခံနိုင်ပါတယ်၊ ဘာမှအရေးမကြီးဘူးဆိုတော့ ဒေါ်စုကပြောတာ ဦးလှမျိုးမြင့်
အတွက် သူ မစဉ်းစားဘူး၊ သူစဉ်းစားတာက ဒီမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်
ပြီးတော့ စဉ်းစားတာ။ ဒါဟာ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ
အပေါ်မှာ ဖိအားပေးတဲ့သဘောပဲလို့ အဲဒီလို သဘောထားအမြင်ကို ပြောပါတယ်။”

ဒီလိုပဲ တရားဥပဒေနဲ့အညီ မဟုတ်တဲ့ ဆောင်ရွက်မှုတွေ ရှိနေတဲ့အတွက်
ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်တာတွေ အစောပိုင်းမှာကတည်းက ရှိခဲ့တာ
ပါ။ အခုနောက်ဆုံး ထပ်ပြီး စွပ်စွဲချက်အသစ်တွေနဲ့ အရေးယူဖို့ လုပ်လာချိန်ကစလို့
မူလက ပြစ်ဒဏ်တွေ ပျက်ပြယ်သွားတဲ့အကြောင်း အာဏာပိုင်တွေက ပြီးခဲ့တဲ့လကုန်
ပိုင်းမှာကတည်းက တရားဝင် အကြောင်းကြားထားတာပါ။ ဒါပေမဲ့လည်း မိတ်ဆွေ
တချို့က အိမ်မှုကိစ္စအတွက် သွားရောက်ဖို့ ကြိုးပမ်းတဲ့အခါ အထက်အမိန့်မရလို့ဆိုပြီး
အာဏာပိုင်တွေက တားမြစ်တာမျိုးတွေ ကြုံရတာမို့ ဒါဟာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့
ဆန့်ကျင်တဲ့လုပ်ရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်ကြောင်းလည်း
ပြောထားတာပါ။

ဒီလိုပဲ အမှုမှာ ခုခံချေပဖို့ တရားခွင်မှာ သက်သေ ၄ယောက် တင်သွင်းဖို့ ကြိုးစား
ပေမယ့်လည်း အခုအချိန်အထိ ၂ယောက်သာ ခွင့်ပြုခဲ့တာဖြစ်ပြီး ကျန် ၂ယောက်
ဖြစ်တဲ့ အန်န်အယ်လ်ဒီပါတီက ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်တို့ကို
တော့ လက်မခံ ပယ်ချထားတာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်
ဘက်က ပြောထားတာပါ။ ဒီအတွက် တရားရုံးချုပ်အထိ ဆက်ပြီး လျှောက်လဲသွားဖို့
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း လိုလားနေပါတယ်။ ဒီလို ကျန်သက်သေ
၂ဦး တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့အတွက်ကိုတော့ ဗဟိုတရားရုံးချုပ်ကို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေက ဒီကနေ့ပဲ စာတင်လိုက်ပြီလို့
ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တင်လိုက်ပါပြီ။ တရားရုံးချုပ်က ရက်ချိန်းလည်း ပေးလိုက်တယ်၊ လာမယ့် ၁၇ရက်နေ့
မှာ လက်ခံရေးအတွက် လျှောက်လဲချက် ပေးရမှာပါ။ သောကြာနေ့ကတော့ ကျနော်တို့
သွားရမယ်လေ။ ရုံးရှေ့ရောက်တော့မှ အစီအစဉ်သိရမှာ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း
ပြောပြသွားတာ ဖြစ်ပါတယ်။

အစောပိုင်း တရားရုံးအစီအစဉ်တွေအရ ဆိုရင်တော့ မနက်ဖြန် သောကြာနေ့ကြရင်
ရန်ကုန် အင်းစိန်ထောင်တွင်းမှာ ကြားနာနေတဲ့ တရားခွင်မှာ ရှေ့နေတွေ လျှောက်လဲ
ချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့လည်း
ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံပေးမယ့် သက်သေတွေ နောက်ထပ် တင်သွင်းခွင့်
ရဖို့ ကြိုးပမ်းမှုတွေ ရှိလာတာနဲ့အမျှ တရားခွင်အစီအစဉ်တွေ အပြောင်းအလဲ ရှိလာဖို့
လည်း မျှော်လင့်ရပါတယ်။

နေအိမ်ခြံဝင်းထဲကို အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ရေကူးဝင်ရောက်လာ
တာကို လက်ခံတာဟာ တားမြစ်ချက်ကို ဖောက်ဖျက်တာလို့ အာဏာပိုင်တွေဘက်က
စွပ်စွဲပြီး အခုလို တရားစွဲဆိုတာနဲ့ ရင်ဆိုင်နေရပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်
ဘက်ကတော့ သူဟာ အပြစ်မရှိကြောင်း ရုံးတော်ကို ပြောထားတာပါ။ တကယ်တော့
နေအိမ်အကျယ်ချုပ် သက်တမ်းစေ့တော့မယ့်အချိန် အခုလို နောက်ထပ် အပြစ်ပေး
အရေးယူခံရမယ့် အခြေအနေမျိုး ကြုံလာရတာမို့ အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့
ပြည်တွင်းပြည်ပက သံသယတွေ၊ ဝေဖန်မှုတွေလည်း အကြီးအကျယ် ထွက်ပေါ်ခဲ့
တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG