မြန်မာစစ်တပ်နဲ့ မဟာမိတ်တပ်တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)
အပေါ် ထိုးစစ်ဆင်မှုကြောင့် မြန်မာပြည် အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်မှာ ကရင်
ရွာသူရွာသား ထောင်ပေါင်းများစွာ အိုးအိမ်စွန့် ထွက်ပြေးလာခဲ့ရတဲ့အပေါ် စိုးရိမ်မကင်း
ဖြစ်ရကြောင်း၊ မြန်မာစစ်အစိုးရအနေနဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ EU ဥရောပ
သမဂ္ဂက မနေ့တုန်းက ကြေညာချက်တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
တခါ ပြင်သစ်သမ္မတနဲ့ ဂျာမဏီဝန်ကြီးချုပ်တို့က ဒေါ်အောင်ဆန်းစုကြည် ရုံးတင်
စစ်ဆေးခံရတဲ့အတွက် အလွန်စိုးရိမ်မကင်းဖြစ်ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါ
တယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို
ချက်ချင်းရုပ်သိမ်းဖို့၊ အရပ်သား ရွာသူရွာသားတွေကို နိုင်ငံတကာ လူသားချင်း စာနာ
ထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့အညီ ကာကွယ်ဖို့
တိုက်တွန်းလိုက်တာပါ။ ယေဘုယျအားဖြင့် အစိုးရတွေဟာ တိုင်းရင်းသားလူနည်းစု
ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ စစ်ရေးအရ ဖြေရှင်းတာတွေကို ရှောင်ကြဉ်ကြမှာ
ဖြစ်တယ်၊ စစ်ရေးအရ ဖြေရှင်းခြင်းအားဖြင့် မတည်ငြိမ်မှုတွေ၊ ရေရှည်မှာ သွေးကွဲမှု
တွေ၊ မုန်းတီးမှုတွေကို ဖန်တီးစေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေ သူတို့ဌာနေကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး၊ သက်ဆိုင်
သူတွေအားလုံး ပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စတင်ဖို့ တိုက်တွန်းထား
ပါတယ်။ အခုလို ကရင်ပြည်နယ်မှာ စစ်အစိုးရထိုးစစ်ကြောင့် ရွာသား ထောင်ပေါင်း
များစွာ ထွက်ပြေးရတဲ့အပေါ်မှာ နိုင်ငံတကာ အသိုက်အ၀န်းထဲက ဥရောပသမဂ္ဂက
ပထဆုံးအကြိမ် တုံ့ပြန်ခဲ့တာကို ကြိုဆိုတယ်လို့ Burma Campaign UK က
နန့်ဇိုယာဖန်းက အခုလိုပြောပါတယ်။
“ကရင်ပြည်နယ်ရဲ့ ထိုးစစ်အခြေအနေပေါ်မှာ ဒီလိုမျိုး EU က ကြေညာချက်ထုတ်တာ
အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ နအဖစစ်အစိုးရကို အပစ်အခတ်ရပ်စဲရေး အမြန်
ဆုံးလုပ်ပေးဖို့ သူတို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကျမတို့ဘက်
ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ နအဖစစ်အစိုးရက သူတို့ လက်မခံဘူး၊
မလိုက်နာဘူးဆိုရင်တော့ EU က ဘာတွေလုပ်ပေးနိုင်မလဲဆိုရင် နအဖစစ်အစိုးရ
အပေါ်မှာ နိုင်ငံရေးဖိအားတွေ ထပ်ပေးလို့ရတယ်၊ ပြီးတော့ EU ကတဆင့် နိုင်ငံတကာ
ရဲ့ နအဖစစ်အစိုးရအပေါ်မှာ လက်နက်ရောင်းချရေး ပိတ်ပင်မှုကို သူတို့လုပ်ပေးနိုင်
ပါတယ်။
“အခု မြန်မာပြည် အရှေ့ပိုင်းဒေသမှာရှိတဲ့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့
ရှမ်းပြည်နယ်အတွက် ကျမတို့ Eastern Burma Campaign ဆိုတာ တခုရှိပါတယ်။
အခြားနိုင်ငံတွေလည်း ဒီလိုမျိုးပဲ ထိုးစစ်တွေကို နိုင်ငံရေးခေါင်းဆောင် အစိုးရကနေ
တဆင့် သူတို့ ပြတ်ပြတ်သားသား နအဖစစ်အစိုးရကို တောင်းဆိုလာအောင်
ဆက်လက်လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။”
ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမဏီဝန်ကြီးချုပ်
အိန်ဂျလာ မာကဲလ် (Angela Merkel) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး
ထားတာနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှာ ရုံးတင်စစ်ဆေး ခံနေရတာနဲ့ ပတ်သက်ပြီး
တရုတ်နဲ့ အိန္ဒိယတို့အနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ သူတို့က တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် ဖုန်းခေါ်ဖို့ ကြိုးစားပေမယ့်
မြန်မာစစ်အစိုးရက ခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒီအပေါ်မှာလည်း နန့်ဇိုယာဖန်းက
အခုလို ကောက်ချက်ချပါတယ်။
“အရင်တုန်းကထက်စာရင် ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာပြည်အရေးကို ဒီလိုမျိုး
စူးစူးစိုက်စိုက် စိတ်ဝင်စားလာပြီး ပြောဆိုလာတာ သိပ်မရှိပါဘူး။ အဲဒါကြောင့် အခု
နအဖစစ်အစိုးရလုပ်နေတဲ့ မတရားမှုတွေကို ကမ္ဘာကသိနေတယ်ဆိုတာ ပေါ်နေပြီ။
ကမ္ဘာ့ခေါင်းဆောင်တွေက သူတို့တတ်နိုင်သလောက်၊ လုပ်နိုင်သလောက်တော့
အကုန်လုံး မလုပ်သေးပါဘူး။ အဲဒါကြောင့် ကျမတို့မှာ တာဝန်ရှိပါတယ်။ သူတို့
မြန်မာပြည်အရေးကို ဒီ့ထက် ထိရောက်စွာ ဖိအားပေးဖို့ ကျမတို့ လုပ်ဖို့သင့်ပါတယ်။”
Burma Campaign UK က နန့်ဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။