သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေအတွက် အမေရိကန် ဒေါ်လာ သန်း ၇၀ ကျော် ပေးမည်


အမေရိကန် ပြည်ထောင်စု အနေနဲ့ ဇင်ဘာဘွေပြည်သူတွေအတွက် အမေရိကန် ဒေါ်လာ ၇၃ သန်း အကူညီ အထောက်အပံ့ ပေးမယ်လို့ သမ္မတ ဘရက် အိုဘားမား (Barack Obama) က ကတိပေးလိုက်ပါတယ်။ ဇင်ဘာဘွေ ဝန်ကြီးချုပ် မော်ဂန် ချန်ဂရိုင်း (Morgan Tsvangirai) နဲ့ သမ္မတအိမ်ဖြူတော်မှာ သောကြာနေ့က တွေ့ဆုံအပြီး သမ္မတက အခုလို ပြောကြား လိုက်တာပါ။ ဒီအကြောင်း ဗီအိုအေသတင်းထောက် ကန့်ကလိုင်ယန် (Kent Klein) သတင်းပေးပို့ထား တာ ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ (Robert Mugabe) က ဇင်ဘာဘွေ ပြည်သူတွေ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေ လုပ်ဆောင်တဲ့ အစဉ်အလာ မရှိဘူးဆိုတာ အမေရိကန် ပြည်ထောင်စုက ယုံကြည်တဲ့အတွက် ဒီအထောက်အပံ့ငွေတွေ ဇင်ဘာဘွေ ပြည်သူတွေထံကို တိုက်ရိုက် ပို့ပေးမယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ဒါပေမဲ့ မျှော်လင့်ချက်အတွက် အခြေခံ အကြောင်းအရာတွေ ရှိနေတယ်လို့ ဝန်ကြီးချုပ် မော်ဂန် ချန်ဂရိုင်း နဲ့ တွေ့အပြီး မှာ သမ္မတ အိုဘားမားက ပြောပါတယ်။

“ဇင်ဘာဘွေနိုင်ငံ ခက်ခဲတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြားကနေ လွန်မြောက်နိုင်အောင် ဇွဲလုံ့လအပြည့် နဲ့ ဝန်ကြီးချုပ်က ဦးဆောင် လမ်းပြခဲ့တဲ့ အပေါ် ကျနော့်အနေနဲ့ အများကြီး လေးစား ဂုဏ်ယူပါတယ်။”

စီးပွားရေး ကျဆင်းပြီး ငွေကြေး အဆမတန် ဖောင်းပွမှုတွေကို ဇင်ဘာဘွေနိုင်ငံ အနေနဲ့ ကာလအတော်ကြာ ခံစားခဲ့ရတာ ပါ။ ဝန်ကြီးချုပ် ချန်ဂရိုင်း အနေနဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေက ကျော်လွှားနိုင် အောင် ကြိုးစား လုပ်ဆောင်နေတာတွေ ကိုလည်း သမ္မတ အိုဘားမားက ချီးကျူးလိုက်ပါတယ်။

သမ္မတ မူဂါဘီ အစိုးက သူ့ရဲ့ အတိုက်အခံ လှုပ်ရှားမှုတွေအပေါ် ဖိနှိပ် ချုပ်ချယ်ခဲ့တာတွေကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ အပေါ်မှာလည်း သမ္မတ အိုဘားမားက ချီးကျူးလိုက်ပါတယ်။ မနှစ်ကကျင်းပခဲ့တဲ့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး သမ္မတ မူဂါဘီ က ညီညွတ်ရေး အစိုးရဖွဲ့ဖို့ ဖေဖော်ဝါရီလထဲမှာ မစ္စတာ ချန်ဂရိုင်း ကို ဖိတ်ကြားခဲ့ရာက အခု အဲဒီ ညီညွတ်ရေး အစိုးရမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

“ဇင်ဘာဘွေ နိုင်ငံမှာ အင်မတန် လိုအပ်နေတဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေ ပေါ်ပေါက်လာဖို့တင်မကဘဲ စီးပွားရေးဖက် ပိုင်းမှာလည်း ဖွံ့ဖြိုးတိုးတက်လာအောင် ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး အဖက်ဖက်က ဝိုင်းဝန်း ပံ့ပိုးပေး လိုတဲ့ ဆန္ဒရှိပါတယ်။”

ပုံမှန် လည်ပတ်မှု ရှိနိုင်တဲ့ စာသင်ကျောင်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ကိုယ့်ပြည်သူကို ပြန်လည် ကျွေးမွေးနိုင် လောက်တဲ့ စိုက်ပျိုးရေး စံနစ်တွေနဲ့အတူ ဇင်ဘာဘွေ နိုင်ငံမှာ လူ့အခွင့်အရေး နဲ့ တရားဥပဒေ စိုးမိုးမှုရှိရေး ကိစ္စတွေကို အားပေး လုပ်ဆောင်သွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အနောက်နိုင်ငံတွေက ဇင်ဘာဘွေနိုင်ငံကို ကူညီ ထောက်ပံ့နေတဲ့အပေါ် သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားပြီး နိုင်ငံတကာက မျှော်လင့်ထားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားမယ်လို့ မစ္စတာ ချန်ဂရိုင်း က ပြောပါတယ်။

“လာမယ့် ၁၈ လအတွင်း ဇင်ဘာဘွေ နိုင်ငံသူ နိုင်ငံသားတွေ ကိုယ်ပိုင်အစိုးရကို ရွေးကောက် တင်မြောက်နိုင်မယ့် ပြုပြင် ပြောင်းလဲမှုမျိုး ကျနော်တို့ လုပ်ဆောင်သွားပါမယ်။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ အနေနဲ့ တိုးတက်မှုတွေ အများကြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ပြဿနာတွေကတော့ ရှိနေတုန်းပါပဲ။”

သမ္မတ မူဂါဘီ ဟာ လူဖြူတွေပိုင်ဆိုင်တဲ့ လယ်မြေတွေ သိမ်းပိုက်တာ အပါအဝင် လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့သလို တိုင်းပြည်ရဲ့ စီးပွားရေး ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားတိုင်းပြည်တွေက စွပ်စွဲ ပြောဆို ထားပါတယ်။

သမ္မတ မူဂါဘီ ဟာ ၁၉၈၀ ခုနှစ်ကတည်းက ဇင်ဘာဘွေနိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG