ဂျွန်လ ၁၁ ရက်နေ့၊ ကြာသာပတေးနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြင်သစ်သမ္မတ နီကိုလတ်ဇ် ဇာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာ မက်ကဲလ် (Angela Merkel) တို့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုနေတာတွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ပြောဆိုသွားပါတယ်။
ပြင်သစ် သမ္မတ နစ်ကိုလတ်ဇ် ဇာကိုဇီ က ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ ကျနော် တယ်လီဖုံးဆက် ကြိုးစားခဲ့ပါတယ်။ မြန်မာစစ်အစိုးရက ကျနော်ကို ခွင့်မပြုခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော် အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောဆိုသွားပါတယ်။
ဂျာမန် ဝန်ကြီးချုပ် အန်ဂဲလာ မက်ကဲလ်ကလည်း မြန်မာနိုင်ငံ့အရေးကို ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံကတကာ မိသားစုက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဆော်သြသွားခဲ့ပါတယ်။
ကမ္ဘာတဝှမ်းလုံး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ စစ်အစိုးရဖက်က လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေနဲ့ အညီ ပြုမူဆက်ဆံလာအောင်၊ ဒေသတွင်းနိုင်ငံတွေရဲ့ သြဇာသက်ရောက်မှုကို သုံးပြီး တိုက်တွန်းကြဘို့ လိုပါတယ်။ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေး နည်းလမ်းရှာနိုင်အောင် အတတ်နိုင်ဆုံး လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။
ပြင်သစ်သမ္မတ နီကိုလတ်ဇ် ဇာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာ မက်ကဲလ် (Angela Merkel)