H1N1 အမျိုးအစား ၀က်တုပ်ကွေး ဗိုင်းရပ်စ် ဟာ ကမ္ဘာတ၀ှမ်းက လူပေါင်း ၂၆,၀၀၀ ကျော်နီးပါးကို ကူးစက်နေပြီး ၁၆၃ ယောက် အသက်ဆုံးရှုံးခဲ့ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
WHO ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ နောက်ဆုံး အစီရင်ခံချက်အရ ၀က်တုပ်ကွေး ဗိုင်းရပ်စ် ဟာ နိုင်ငံပေါင်း ၇၆ နိုင်ငံမှာ ကူးစက်နေပြီလို့ ဖော်ပြပါတယ်။ ဒီစာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ ၀က်တုပ်ကွေး ကူးစက်သူ သိသိသာသာ များလာတာ တွေ့ရပါတယ်။
အမေရိကန်မှာ ကူးစက်မှုအသစ် ၄,၆၀၀ ကျော်နဲ့ နောက်ထပ် သေဆုံးသူပေါင်း ၁၈ ယောက် ရှိပြီလို့လည်း WHO က ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း အတည်ပြုနိုင်တဲ့ ကူးစက်မှုဟာ သောကြာနေ့ကတည်းကဆိုရင် ၄၀၀ ကျော် မြင့်တက်ခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်း ဝေးလံခေါင်သီတဲ့ ကျေးရွာတရွာမှာ လူတော်တော်များများ ၀က်တုပ်ကွေး ကူးစက်ခဲ့တယ် လို့လည်း သက်ဆိုင်ရာက ပြောပါတယ်။