သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ ရွေးကောက်ပွဲ မဲတချို့ ပြန်ရေတွက်ဖို့ စီစဉ်


သောကြာနေ့က ကျင်းပခဲ့တဲ့ အီရန် သမ္မတ ရွေးကောက်ပွဲအပြီး အငြင်းပွားနေကြတဲ့ မဲပုံးတွေကို ပြန်ပြီး ရေတွက်ဖို့အတွက် အီရန်နိုင်ငံ ဥသျှောင် ကောင်စီကနေ ပြင်ဆင်နေပါပြီ။ သမ္မတ မာမွတ် အမာဒီနီဂျက် က ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့တာဟာ မဲလိမ်မှုတွေ၊ မသမာမှုတွေကြောင့်လို့ ဆိုပြီး တီဟီရန် မြို့အပြင်မှာ သုံးရက်ကြာ ဆန္ဒပြပွဲတွေ ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ပွားပြီး ဒီကနေ့ တချို့ မဲတွေကို ပြန်ရေတွက်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမီနီက မဲ မသမာမှုတွေ၊ မဲလိမ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် သြဇာ တိက္ကမ ကြီးမားတဲ့ အီရန်နိုင်ငံ ဥသျှောင် ကောင်စီကို တာဝန်ပေးအပ်လိုက်ပါပြီ။

ပြုပြင်ပြောင်းလဲရေးပါတီ သမ္မတလောင်း မီ ဟူစိန် မိုဆာဗီ ကတော့ ဒီ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပေးပါလို့ ဥသျှောင် ကောင်စီကို ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။ သမ္မတ မာမွတ် အမာဒီနီဂျက် က ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ တယ်လို့ ပြောဆိုထားပါတယ်။ သမ္မတ မာမွတ် အမာဒီနီဂျက် ကို ထောက်ခံသူတွေရော မစ္စတာ မိုဆာဗီ ကို ထောက်ခံသူတွေ ကပါ တီဟီရန် မြို့တော်က ရင်ပြင်မှာ စခန်းချပြီး ဆန္ဒပြပွဲ ဆင်နွှဲဖို့ စိုင်းပြင်းနေကြပါပြီ။

မစ္စတာ မိုဆာဗီကတော့ သူ့ကို ထောက်ခံသူတွေ အဲဒီ ဆန္ဒပြပွဲကို မသွားဖို့ တိုက်တွန်းထားပြီး သူကိုယ်တိုင်လည်း မသွားဘူးလို့ ပြောထားတဲ့အကြောင်း တီဟီရန်က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG