မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပျက်ကွက်နေဆဲ နိုင်ငံတခု ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတဝှမ်း စီးပွားရေး ကျဆင်းမှုတွေအကြား လူတွေကို ကုန်ကူးရောင်စားတာတွေ ပိုတိုးလာတယ်လို့လည်း အစီရင်ခံစာ က ရေးပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ဒီနှစ် လူကုန်ကူးမှု အစီရင်ခံစာအကြောင်းကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ကမ္ဘာ့တဝှမ်းမှာ ခေတ်သစ် ကျေးကျွန်စနစ် ပုံစံမျိုးလို့ ခေါ်ဝေါ် သတ်မှတ်နေကြတဲ့ လူကုန်ကူးမှုတွေကို နိုင်ငံတိုင်း နီးပါး လောက် လူကုန်ကူးမှုရဲ့ ရိုက်ခတ်မှုကို ခံနေရတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ဒီ အစီရင်ခံစာ ထုတ်ပြန်တာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ စီးပွားရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ သန်းနဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ စီးပွားရေး အခွင့်အလမ်း ကောင်းတွေ ရဖို့အတွက် တနေရာက တနေရာကို သွားလာ အလုပ် လုပ်ကိုင်နေကြတဲ့အချိန်မှာ ဒီလို ခေါင်းပုံဖြတ်တဲ့ သူတွေ စီးပွားရေး အကျိုးအမြတ်ကို ကြည့်တဲ့သူတွေရဲ့ ရောင်းစားတာတွေကို ခံနေရတယ် ဆိုပြီး ဟီလာရီ ကလင်တန် က သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။
“လူကုန်ကူးမှုဟာ ကုန်ကူးသူအပေါ်မှာတင် မဟုတ်ဘဲ လူအများအပြားအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု တခုလည်း ဖြစ်ပါ တယ်။ ကုန်ကူးခံရသူရသူ ရောင်းစားခံရသူတွေရဲ့ မိသားစုတွေ ကျန်ခဲ့ပြီး အဲဒီအထဲက တချို့ဟာ သူတို့ မိသားစုတွေကို တသက်လုံး ပြန်တွေ့ခွင့် မရကြတော့ပါဘူး။”
နှစ်စဉ်နှစ်တိုင်း အမေရိကန် ကွန်ဂရက်စ် လွတ်တော်က တာဝန်ပေးချက်အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံတွေမှာ လူကုန်ကူးမှုတွေ ဖြစ်ပျက်နေတာတွေ နဲ့ ပတ်သက်လို့ အစီရင်ခံစာ ထုတ်ပြန်လေ့ ရှိပါ တယ်။ ဒီနေ့ အစီရင်ခံစာက နိုင်ငံပေါင်း ၁၇၃ နိုင်ငံကို သူတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေအရ အဆင့်ခွဲ သတ်မှတ် တာပါ။ နောက်ထပ် နိုင်ငံ နှစ်နိုင်ငံကိုတော့ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သဘောထား ထုတ်ပြန်ပြီးတော့ စုစုပေါင်း နိုင်ငံ ၁၇၅ နိုင်ငံကို ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတိုင်းနဲ့ လက်တွဲပြီး လူ့အခွင့်ပအရေး အဖွဲ့တွေ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို ဆောင်ရွက် နေပါတယ်လို့ ဟီလာရီ ကလင်တန် က ပြောသွားပါသေးတယ်။
“မကြာသေးခင် နှစ်တွေကစပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အားလုံးနဲ့ ပူးပေါင်းပြီး ကုန်ကူးတဲ့သူတွေကို အပြစ်ပေး အရေးယူတာ။ ကုန်ကူးခံရသူတွေကို အကာအကွယ် ပေးတာ၊ ကုန်ကူးရောင်းစားတာတွေ မဖြစ်အောင် တားဆီးရေးကိစ္စ တွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ Persecution၊ Protection နဲ့ Prevention စတဲ့ P သုံးလုံး စီမံကိန်းပါ။”
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်မှု အားနည်းတဲ့နိုင်ငံ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ သတ်မှတ်ချက်အရ ဆိုရင် TR3 အဆင့်မှာ သူက သတ်မှတ်ထားပါတယ်။ ဒီလို လူကုန်ကူးမှုတွေ ဖြစ်ပျက်နေတာတွေ နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွင်း စီးပွားရေး နိမ့်ကျမှု စစ်အစိုးရ ခေါင်းဆောင် တွေရဲ့ စီးပွားရေး စီမံခန့်ခွဲမှုကြားမှာ လူတွေကို အတင်းအဓမ္မခိုင်းစေမှု တွေကိုလည်း အစီရင်ခံစာက မီးမောင်းထိုးပြထား ပါတယ်။
မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ မလေးရှား၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကို သွားပြီးတော့ ရရာအလုပ် တွေကို လုပ်ကိုင်ကြရပါတယ်။ အမျိုးသမီးငယ်လေးတွေ ဆိုရင် လိင်ပိုင်းဆိုင်ရာ ကျေးကျွန်အဖြစ် အခိုင်းခံရတဲ့ ကိစ္စတွေကို လည်း အစီရင်ခံစာထဲမှာ အကျယ်တဝံ့ ရေးသားထားပါတယ်။
အထူးသဖြင့် နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရအပြီး စီးပွားရေး အခြေအနေ ယိမ်းယိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံက ကလေး သူငယ်တွေ လူကုန်ကူး ရောင်းစားခံရတဲ့ အခြေအနေတွေကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ ကလေးငယ်တွေကို တချို့ ကမ္ဘာလှည့် ခရီးသည်တွေက လိင်ပိုင်းဆိုင်ရာ အရ ပျော်ပါးဖို့သွားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ရှိနေတယ် ဆိုတဲ့ အချက်ပါပဲ။
ကလေးငယ်တွေ ရောင်းစားခံရတဲ့ကိစ္စ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရက စစ်တပ်ထဲမှာ အသက် မပြည့် သေးတဲ့ ကလေးတွေကို ကလေးစစ်သားအဖြစ် စုဆောင်းတဲ့ ကိစ္စကလည်း အကြောင်းအချက် တခု ဆိုပြီး အစီရင်ခံစာက ရေးပါတယ်။
မြန်မာစစ်အစိုးရ အနေနဲ့ ဒီလို လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် ပိုပြီးတော့ ဆောင်ရွက်ဖို့ အစီရင်ခံစာက တိုက်တွန်းထားပြီး တချို့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေမှာ အာဏာပိုင်တွေကိုယ်တိုင်က ထိထိရောက်ရောက် မလုပ်တာ၊ သူတို့ကိုယ်တိုင်က ဆက်နွှယ်ပတ်သက် နေတာမျိုးတွေလည်း ရှိတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အဲဒီတော့ အရပ်ဘက် နဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကို စစ်အစိုးရဘက်က ထိထိရောက်ရောက် အရေးမယူဘူး ဆိုရင် လူ ကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထိရောက်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အစီရင်ခံစာက ရေးတာပါ။
မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့နိုင်ငံ TR3 နိုင်ငံအဆင့်မှာ ထည့်သွင်းခံရ တာဟာ ဆိုရင် ဒီနှစ်နဲ့ပါဆို နှစ်ဆက်တိုက်ဖြစ်နေတယ်လို့တောင် ပြောရမှာပါ။