မြောက်ကိုရီးယားအစိုးရက ပစိဖိတ်ကျွန်းဘက်ကို ဦးတည်ပြီး မစ်ဆိုင်း (Missile)ဒုံးကျည် ပစ်လွှတ်ကောင်း ပစ်လွှတ်နိုင်ဖွယ် ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်း ပတ်ဝန်းကျင်မှာ ဒုံးကျည်ကာကွယ်တဲ့ စနစ်တွေကို အခိုင်အမာ အသင့်ပြင်ထားလိုက်ပြီလို့ အမေရိကန်စစ်တပ်က ပြောလိုက်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က အမေရိကန်အစိုးရဟာ မိမိတိုင်းပြည်ကို ကာကွယ် ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့ထုတ် ဒေးလီး ယိုမီယူရီ (Daily Yomiuri) လို့ခေါ်တဲ့ ဂျပန်သတင်းစာမှာတော့ မြောက်ကိုရီးယားဟာ ဇူလိုင်လအစောပိုင်းမှာ ဟာဝိုင်ယီကျွန်းဘက်ကို ဦးတည်ပြီး တာဝေးပစ် မစ်ဆိုင်းဒုံးကျည်တွေ ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ် လို့ ရေးသားထားပါတယ်။
မေလ ၃၀ ရက်နေ့တုန်းက တေပိုဒွန် ၂ (Taepodon 2) ဒုံးကျည်တစင်းနဲ့ အဲဒီထက် အဆင့်မြင့်တဲ့ ဒုံးကျည်တစင်းကို မြောက်ကိုရီးယားအနောက်မြောက် ဒုံးကျည်ပစ်လွှတ်ရာ နေရာတခုက ပစ်လွတ်ခဲ့တာဟာ ဟာဝိုယီကျွန်းကို ပစ်လွှတ်နိုင်ဖို့ အတွက် ပြင်ဆင်နေတာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောခဲ့တာကိုလည်း အဲဒီသတင်းစာမှာ ကိုးကားထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က ဟာဝိုင်ယီမှာ ဒုံးကျည်ကာကွယ်ရေး ပစ္စည်းကိရိယာတွေကို အသင့်ပြင်ထားဖို့ သူ့အနေနဲ့ ခွင့်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်ဖို့
ပြင်ဆင်မှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။