သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ အကြမ်းမဖက်ဖို့နဲ့ မတရားတဲ့လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ သမ္မတအိုဘားမား တောင်းဆို


တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ အများပြည်သူ သဘောတူကြည်ဖြူမှုတွေနဲ့ အုပ်ချုပ်ပါ။ အတင်းအဓမ္မ အမိန့်ပေး အကျပ်ကိုင်မှုတွေနဲ့ မိမိရဲ့ ပြည်သူတွေကို မတရားသဖြင့် အနိုင်ကျင့် ညှင်းပန်းမှုတွေ၊ မလုပ်ကြဖို့၊ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အီရန် ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ အီရန်အစိုးရရဲ့ မိမိရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမှု အားလုံးကို ရပ်စဲဖို့ကို သမ္မတ အိုဘားမား က အီရန်ကို တောင်းဆိုလိုက်ပါတယ်။ စနေနေ့က နယူးယောက်၊ လောစ့် အင်ဂျယ်လိစ်၊ ဝါရှင်တန်ဒီစီ၊ ဟမ်းဘာဂ့်၊ ပဲရစ် စတဲ့ ကမ္ဘာ့ မြို့ ကြီးတွေမှာ နေထိုင်ကြတဲ့ အီရန် နိုင်ငံသား ထောင်ပေါင်းများစွာက၊ လက်ရှိ အီရန်အစိုးရကို ဆန့်ကျင်တဲ့ လူထု အစည်းအဝေး ဆန္ဒပြပွဲတွေကို ကျင်းပခဲ့ကြပါတယ်။

အီရန် အာဏာပိုင်တွေရဲ့ အရပ်ဝတ် လက်ကိုင်တုတ်အဖွဲ့အစည်း Basijis (ဘဆိ၈ျ်)က၊ နံပါတ် တုတ်တွေ၊ ချိန်းကြိုးတွေ၊ မျက်ရည်ယိုဗုံးတွေ၊ တခြားလက်နက်တွေနဲ့၊ လက်နက်မဲ့ ဆန္ဒပြ အီရန်ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်ကြတာ ကြောင့် (၁၆)နှစ်သမီး Nedaအမည်ရှိ မိန်းကလေး တယောက်အပါအဝင် အရပ်သူအရပ်သား(၇)ဦး စနေနေ့က သေဆုံး ခဲ့ရပြီး၊ ဒီသတင်းကို အီရန်အစိုးရက အတည်ပြုခဲ့ပါတယ်။ သေနတ်ကိုင် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုအပါအဝင်၊ စနေနေ့က ဆန္ဒပြ အီရန် အရပ်သူအရပ်သား စုစုပေါင်း(၁၉)ဦး သေဆုံးခဲ့ကြပါတယ်။ သမ္မတ ရွေးကောက်ပွဲ အပြီး၊ ဘီဘီစီ၊ ဗွီအိုအေ သတင်းဌာနတွေရဲ့ လှုံ့ဆော်မှုကြောင့်၊ အီရန်မှာ မတည်မငြိမ် ဖြစ်ရတာလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲ လိုက်ပါတယ်။ ဒီသတင်းဌာနတွေကို အီရန်မှာ လာရောက် သတင်းယူခွင့် အီရန်အစိုးရက ပိတ်ပင်ထားပြီးတော့ အင်တာနက်ပေါ်က Twitter၊ Facebook၊ Youtube စတဲ့ websiteတွေမှာ အီရန်ပြည်သူတွေက မိနစ်တိုင်း စက္ကန့်တိုင်းမှာ အီရန်က အခြေအနေတွေကို သတင်းပေးပို့နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG