မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီပါတီ
အဖွဲ့ဝင် ၂ဦးကို အာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ထောင်ဒဏ် ၁နှစ်ခွဲ ချမှတ်ခဲ့တယ်လို့
အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ဗွီအိုအေကို ပြောကြားပါတယ်။ တွံ့တေး က
အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးချစ်ဖေနဲ့ ဦးအောင်စောဝေတို့ ၂ဦးကို သာသနာ ညှိုးနွမ်း စေမှုနဲ့
ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး
အကျဉ်းသားတွေ လွတ်မြောက်စေဖို့ အတွက် ဆုတောင်းပွဲကို သွားရောက်ခဲ့သူတွေ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရဟာ အတိုက်အခံတွေကို နည်းနည်းလေးမှ လှုပ်ရှားခွင့် ပေးလေ့
မရှိပါဘူး။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့
လွန်ခဲ့တဲ့ ၁၉နှစ်တာ ကာလအတွင်း နှစ်ပေါင်း
၁၃နှစ်လောက် ဖမ်းဆီး ထိန်းသိမ်းထားခဲ့တဲ့ အပြင် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့
အင်းစိန် အကျဉ်းထောင်မှာ တရား ရင်ဆိုင်နေရပါတယ်။ အာဏာပိုင်တွေက
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်တော မဖိတ်မခေါ်ဘဲ ရောက်လာတာနဲ့
ပတ်သက်ပြီး နေအိမ် အကျယ်ချုပ် ကန့်သတ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ပုဒ်မ ၂၂နဲ့
တရားစွဲဆိုခဲ့တာပါ။