သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲများ ဆက်လုပ်ဖို့ မူဆာဘီ တိုက်တွန်း


အီရန် နိုင်ငံမှာ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်ပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ထောက်ခံသွားမယ်လို့ အတိုက်အခံခေါင်းဆောင် မီယာဟူစိန် မူဆာဘီ က ကြေညာချက် တခု ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ သူ့အဆိုအရ လိမ်ညာမှုတွေအပေါ်မှာ အီရန် ပြည်သူတွေက ဆန့်ကျင်ဆန္ဒ ထုတ်ဖော်ခွင့် ရှိတယ်လို့ မစ္စတာ မူဆာဘီက အင်တာနက်ပေါ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူ့ကို ထောက်ခံသူတွေကို အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ ပန်ကြားထားပါတယ်။ တနင်္ဂနွေနေ့က မစ္စတာ မူဆာဘီကို ထောက်ခံသူတွေဟာ ခေါင်မိုးပေါ်တွေမှာ အစိုးရကို အာခံတဲ့ ကြွေးကြော်သံတွေကို နေဝင်ပြီးချိန်နောက်မှာ အပြန်အလှန် အော်ဟစ်ခဲ့ကြပါတယ်။ ရဲတွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကတော့ တဟီရန် မြို့တော်မှာ ကင်းလှည့်နေပါတယ်။ စနေနေ့က ဆန္ဒပြသူ ၁၀ ယောက် သေဆုံးတယ်လို့ အီရန် အစိုးရ ရုပ်သံက ကြေညာတဲ့အတွက် ဆန္ဒပြမှုတွေ စတင်ကတည်းက အစိုးရ တရားဝင်ထုတ်ပြန်တဲ့ သေဆုံးသူ အရေအတွက် ၁၇ ယောက်ရှိသွားပါပြီ။

ဆန္ဒပြမှုတွေအပေါ် အီရန်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာ မာခဲလ် က ဂျာမနီဟာ အီရန် ပြည်သူတွေဘက်မှာ ရှိတယ်လို့ ပြောပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို လုပ်ခွင့်ပေးဖို့ အီရန် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ပြင်သစ် သမ္မတ ဆာကိုဇီ ကတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ဒီလို လုပ်ရပ်ဟာ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ ပြောပါတယ်။ အီတလီ နိုင်ငံခြားရေး ဝန်ကြီးကလည်း အီရန် ပြည်တွင်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ အမြန်ဆုံး ဖြေရှင်းဖို့ တောင်းဆိုပါတယ်။ စပိန် နိုင်ငံခြားရေး ဝန်ကြီးကလည်း မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် အီရန် အစိုးရက လုံး၀ မြင်သာထင်သာတဲ့ နည်းနဲ့ ဖြေရှင်းရမယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG