သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား


တားမြစ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုကြားနာနေတဲ့ တရားခွင်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေတွေကို သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။ သူ့ကိုဖမ်းဆီးထားရာ ရန်ကုန်မြို့က အင်းစိန်ထောင်မှာ ရှေ့နေတွေနဲ့တွေ့ဆုံပြီး အခုလို ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုကြားနာစစ်ဆေးနေတဲ့ တရားခွင်ရဲ့ မမျှတမှုတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်တွေနဲ့ တိုင်ပင်နှီးနှောတာတွေ လုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူနဲ့အတူ စွပ်စွဲခံထားရတဲ့ အဖော်အဖြစ်နေထိုင်သူ ၂ ဦးနဲ့ သူတို့ရဲ့ရှေ့နေ ၄ ဦးတို့နဲ့ ၂ နာရီလောက်ကြာ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အဲဒီလိုပြောလိုက်တာလည်း ဖြစ်ပါတယ်။ဒီအထဲက ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြတာကတော့ …

“၃ နာရီခွဲကနေ ၅ နာရီခွဲအထိ ကျနော်တို့ တွေ့ဖြစ်ပါတယ်။ ရှေ့နေ ၄ ယောက်လုံးပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်ခင်ခင်ဝင်းရော၊ ဝင်းမမရော၊ သူတို့လည်းလာပါတယ်။ အကြောင်းအရာအနေနဲ့ကတော့ မူလအမှုအပေါ်မှာ အမြင်တွေ၊ အကြောင်းအရာအမြင်၊ ဥပဒေအမြင် ဆွေးနွေးကြတယ်။ နောက် ဗဟိုတရားရုံးမှာ ရှိနေတဲ့အမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြတယ်။ အမှုအကြောင်းအရာအဓိက ဆွေးနွေးပါတယ်။

“တရားဥပဒေစိုးမိုးမှု၊ ဒီအမှုမှာ ဘယ်နေရာတွေမှာ တာဝန်ရှိတယ်၊ ဘယ်သူတွေတာဝန်ရှိတယ်၊ Transparency မရှိတာတွေ၊ ဒီဟာတွေအားလုံးကို သူဆွေးနွေးတယ်။အခွင့်အရေးနဲ့ တာဝန်ပေါ့၊ အခွင့်အရေးရှိရင် တာဝန်လည်း ရှိရမယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး မညီညွတ်တာတွေ၊ Rule of Law နဲ့ မညီညွတ်တာတွေ၊ အဲဒါတွေကိုဆွေးနွေးကြတာပေါ့။”

အခုအချိန်အထိကတော့ တရားခွင်က ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပပေးမယ့် သက်သေ ၄ ယောက် တင်ပြထွက်ဆိုခွင့် တောင်းထားပေမယ့် ၂ ယောက်သာရထားတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့်ရခဲ့တာမို့လို့လည်း ဒါဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရှေ့နေတွေက ပြောထားတာပါ။ ဒီအတွက်လည်း နောက်ထပ် ကျန်သက်သေ ၂ ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နေအိမ်အကျယ်ချုပ် ကျခံနေရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် အတွင်းရေးမှူး ဦးဝင်းတင်တို့ကိုပါ တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့ ဆက်ပြီး ကြိုးစားနေကြတာပါ။

အဲဒီအတွက် တရားရုံးချုပ်ကို ပြင်ဆင်ချက်တင်သွင်းထားတာ ကြားနာဖို့ကိုလည်းလာမယ့်ဗုဒ္ဓဟူးနေ့မှာ ရက်သတ်မှတ်ထားပါတယ်။ ဒီအတွက်ကြောင့် မူလက ရန်ကုန်အင်းစိန်ထောင်တွင်းမှာ တံခါးပိတ် ကြားနာနေတဲ့ တရားခွင်ကို သောကြာနေ့မှာချိန်းဆိုထားပေမဲ့ အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်ရကြောင်း ဦးဉာဏ်ဝင်းကပြောပါတယ်။

အခုနောက်ဆုံး ဥပဒေအကျိုးဆောင်တွေနဲ့ တွေ့ဆုံရာမှာတော့ အမှုကိစ္စတွေ ဆွေးနွေးခဲ့တာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့မှာ သူ့ကိုထောက်ခံသူတွေရဲ့ အားပေးမှုတွေအပေါ် တုံ့ပြန်သတင်းစကား ပြောခဲ့တယ်လို့လည်းဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ပတ်သက်ပြီး ပြည်တွင်းကရော၊ ပြည်ပကရော ဆုတောင်းပေးတာတွေ၊ အဲဒါတွေအားလုံးအတွက်ကို သူက ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ တဦးချင်းအနေနဲ့ ဒီလို ကျေးဇူးတင်ကြောင်း ပြောကြားနိုင်ခြင်းမရှိသေးတာကိုလည်း နားလည်ပေးကြပါဆိုပြီး အဲဒါတော့ ပြောခိုင်းပါတယ်။”

အဲဒီတော့ မွေးနေ့တုန်းက ဒံပေါက်ကျွေးတယ်ဆိုတာရော အထဲမှာ လုပ်ဖြစ်သွားတာပေါ့။

“လုပ်ဖြစ်ပါတယ်၊ အားလုံးအဆင်ပြေပါတယ်တဲ့၊ ကျနော်တို့လည်း မေးတော့၊ သူနဲ့အတူတူနေထိုင်တဲ့ လုံခြုံရေး အမျိုးသမီးဝန်ထမ်းတွေ၊ နောက် သူနေတဲ့ အိမ်ခြံဝင်းဝန်းကျင်မှာ ချထားတဲ့ လုံခြုံရေးရဲဘော်တွေ၊ အားလုံးကို သူကျွေးတာပါ။”

တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရန်ကုန်အင်းစိန်ထောင်မှာ တွေ့ဆုံစကားပြောခဲ့တဲ့ အခြေအနေတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG