သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ကလေးစစ်သားတွေ စုဆောင်းနေဆဲ


အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်တပ်ထဲ စုဆောင်းမှုတွေ ရှိနေတယ်ဆိုပြီး ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့ကြားကပဲ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းနေတာတွေ ရှိနေတုန်းပဲဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေဆဲပါ။ အခုဆိုရင်လည်းရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ကလေးငယ်တဦး အပါအဝင် တခြားကလေးငယ်တွေ စစ်သားအဖြစ် စုဆောင်းတာ ခံခဲ့ရလို့ မိဘတွေက တိုင်တန်းမှုတွေ လုပ်ခဲ့ပါတယ်။ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက အရွယ်မရောက်သေးသူ ကလေးတဦး အပါအဝင်အနည်းဆုံး ကလေးငယ် ၂ ဦးကို တပ်သားသစ်အဖြစ် စုဆောင်းခေါ်ဆောင်သွားတာခံခဲ့ရလို့ မိဘတွေက အပူတပြင်း လိုက်လံစုံစမ်းတာတွေ၊ အာဏာပိုင်တွေကို တိုင်တန်းတာတွေ လုပ်နေကြတာပါ။ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တဦးကို မကြာသေးခင် ရက်ပိုင်းကပဲ ဒီလိုစုဆောင်းတာ ခံခဲ့ရလို့ ပူပန်နေတဲ့ မိဘတွေက တွံတေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကို လာပြီး အကူအညီ တောင်းခံတာလို့ တွံတေးမြို့နယ် အန်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ရှေ့နေတဦးလည်းဖြစ်တဲ့ဦးကျင်တိုးက ပြောပါတယ်။

“၁၁-၆-၂၀၀၉ နေ့က ဒေါ်ကြူကြူမာနဲ့ သူ့ယောက်ျား ဦးမြသန်းဆိုတာ ရောက်လာတယ်။ သူတို့က မရမ်းတပင် ပန်းပင်စမ်းကျေးရွာ၊ တွံတေးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာမှာ နေပါတယ်တဲ့။ သူ့သား ဇင်မင်းအောင်ဆိုတဲ့ အသက်မပြည့်သေးတဲ့ ၁၄ နှစ်သားရှိတဲ့ ကလေးတဦးကို ၁၃-၅-၂၀၀၉ ညနေ ၅ နာရီမှာ သားက အပြင်သွားဦးမယ်ဆိုပြီးထွက်သွားတဲ့အခါမှာ လုံးဝပြန်မလာတော့ဘူးတဲ့။ ၄-၆-၂၀၀၉ နေ့ကြတော့မှ တွံတေးမြို့မှာရှိတဲ့ တပ်ရင်း ၇၀ က တပ်ကြပ်ကြီးဝင်းမြင့်က ဇင်မင်းအောင်နဲ့ တခြားကလေးတဦး အပါအဝင် ကလေး ၂ ဦးကို မော်တော်ဆိုင်ကယ်နဲ့ တင်ပြီးတော့ တွံတေး မှန်လုံကားဂိတ်မှာ ခေါ်ဆောင်သွားတယ်ဆိုတာ မြင်တဲ့လူတွေက ပြောတဲ့အတွက် သတင်းရရှိတယ်တဲ့။

“ထပ်ပြီးတော့ စုံစမ်းတဲ့အခါ တပ်ကြပ်ကြီးဝင်းမြင့်က ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်ကို ခေါ်သွားကြောင်း သိရတယ်တဲ့။ ဒါကြောင့် ၅-၆-၂၀၀၉ နေ့မှာ လိုက်သွားခဲ့တယ်တဲ့။ ဒညင်းကုန်း စစ်သားစုဆောင်းရေးဂိတ် ရောက်ပြီး စုံစမ်းကြည့်တဲ့အခါမောင်ဇင်မင်းအောင်နဲ့ မောင်ဇော်ဇော်တို့ဟာ ၁-၆-၂၀၀၉ မှာ ရောက်ရှိနေတယ်လို့ဂိတ်အဝင် ဧည့်စာရင်းမှာ တွေ့ရှိရတယ်တဲ့။ ကလေးတွေအကြောင်း မေးတဲ့အခါ အဲဒီကလေး ၂ ယောက်စလုံးက အသက်လည်း မပြည့်ဘူး၊ ပေါင်ချိန်လည်း မပြည့်ဘူး၊ဆေးလည်း မအောင်ဘူး ဖြစ်နေတယ်တဲ့။ ဒါကြောင့် အဲဒီကလေး ၂ ဦးကို ပြန်ထည့်ပေးလိုက်တယ်လို့ ပြောတယ်တဲ့။”

ဒီလို ပြန်ပို့လိုက်တယ်ဆိုပေမယ့် အိမ်ကိုပြန်မရောက်လာတာမို့ ထပ်မံစုံစမ်းတဲ့အခါမကွေးတိုင်း စစ်သားစုဆောင်းရေးကို ထပ်ပြီး ပို့လိုက်တယ်လို့သာ ပြောလိုက်တယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် တွံတေးမြို့ခံ အာဏာပိုင်တွေကို တိုင်တန်းတဲ့အခါဒီတပတ်ထဲ နောက်ဆုံးထား ပြန်ခေါ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ပြန်ရောက်မလာခဲ့ဘူးလို့လည်း ဦးကျင်တိုးက ပြောပါတယ်။

“အဲဒီမိဘတွေက ကျနော်တို့ကို လာပြောပြီး တိုင်တယ်။ ၁၁-၆-၂၀၀၉ နေ့က ကျနော်တို့ကို လာတိုင်တယ်။ စာနဲ့ပေနဲ့ သူတို့က လက်မှတ်ထိုးတယ်၊ လက်ဗွေနှိပ် တိုင်တယ်။တိုင်တဲ့အခါ ကျနော်တို့က တွံတေးမြို့မှာရှိတဲ့ စရဖတာဝန်ခံကို ခေါ်တယ်။ ခေါ်ပြီးကျနော်တို့က ဒီလိုမျိုးရှိတယ်၊ တပ်ရင်း ၇၀ နဲ့ ဘယ်လိုမျိုး ညှိနှိုင်းကြမလဲဆိုတော့ကျနော့်ကို အခွင့်ပေးပါ၊ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးပါရစေဆိုပြီးတော့ ၂၃ ရက်နေ့မှာ ရအောင်ပြန်ခေါ်ပေးပါ့မယ်ဆိုပြီး ကတိပေးတယ်လို့ စစ်ထောက်လှမ်းရေးကပြောတယ်။ ပြောတော့ ၂၃ ရက်၊ ဒီနေ့အထိ စောင့်တယ်ပေါ့ဗျာ။ ဒီနေ့အထိ လုံးဝပေါ်မလာဘူး။”

စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတဲ့ ကလေးတွေ မိဘရပ်ထံ ပြန်ရောက်ရေးအကူအညီပေးနေတဲ့ တွံတေးမြို့က ရှေ့နေ ဦးကျင်တိုး ပြောပြသွားတာ ဖြစ်ပါတယ်။

အခု စစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်ဆိုတဲ့ ကလေးဟာ အရွယ်မရောက်သေးသူတဦးအဖြစ် သက်ဆိုင်ရာ ဆေးရုံတွေ၊ အာဏာပိုင်တွေကလည်း ထောက်ခံအတည်ပြုချက်တွေ ရထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အာဏာပိုင်တွေက ပြောထားသလို သားဖြစ်သူ အချိန်တန်လို့ အိမ်ပြန်မရောက်သေးဘူး ဆိုရင်တော့ ဒီလို ကလေးစစ်သားစုဆောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ အိုင်အယ်လ်အို၊ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (Unicef) လို အဖွဲ့အစည်းတွေကိုပါဆက်ပြီး အကူအညီတောင်းသွားဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG