သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့ကိုဖြတ်ပြီး ဆက်လက်ထွက်ခွာ


စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သံသယရှိနေပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယားနိုင်ငံက ကုန်တင်သင်္ဘောတစီးဟာ နိုင်ငံတကာက ဝိုင်းဝန်းစောင့်ကြည့်နေတဲ့နောက် ခရီးစဉ် နှောင့်နှေးကြန့်ကြာနေတယ်လို့ အကဲခတ်တွေက တွက်ဆကြပါတယ်။ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုအောက်မှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေး အခြေအနေတွေကို အကဲခတ်တွေ ဘယ်လိုရှုမြင်ကြတယ် ဆိုတာကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

သံသယဖြစ်စရာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယုံကြည်နေကြတဲ့ ကမ်နမ်အမည်ရှိတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း မြန်မာနိုင်ငံဘက် ဦးတည်သွားလာနေတာ အခုဆိုရင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ဖြတ်သွားပြီလို့ သိရပါတယ်။ ဒီသံသယဖြစ်စရာ သင်္ဘောကိုတော့ အမေရိကန် စစ်သင်္ဘောတစင်းကလည်း ထပ်ချပ်မကွာလိုက်နေသလို မြောက်ကိုရီးယားနဲ့ ပဋိပက္ခဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံကလည်းဒီသင်္ဘောသတင်းနဲ့ ပတ်သက်လို့ မျက်ခြည်မပြတ် စောင့်ကြည့်နေကြတာပါ။ ဒီလိုအနီးကပ်စောင့်ကြည့်တာတွေ ရှိနေတဲ့ အခြေအနေမှာတော့ မူလရည်မှန်းထားတဲ့ခရီးစဉ် အပြောင်းအလဲ ရှိလာပုံလည်း ရတယ်လို့ အကဲခတ်တွေက တွက်ဆနေကြပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြောင်း အနီးကပ်စောင့်ကြည့်နေတဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေး လစ်တနာ (Bertil Lintner) ကတော့ …

“မြန်မာနိုင်ငံကို ဦးတည်သွားနေတာပါ။ အမေရိကန်သင်္ဘောကလည်း နောက်ကထပ်ချပ်မကွာ လိုက်နေတယ်။ အခုဆိုရင်လည်း သင်္ဘောက ရေမိုင် ၁၀ မိုင်လောက်နဲ့ပဲမောင်းနေပါတယ်။ စင်ကာပူကိုတောင် အခု မရောက်သေးပါဘူး။”

အစောပိုင်း အစီအစဉ်အရဆိုရင် မြန်မာနိုင်ငံကို ဒီတပတ်အစောပိုင်း ရောက်ဖို့ဖြစ်ပြီးတော့ လမ်းခရီး စင်ကာပူမှာဝင်ပြီး ဆီဖြည့်ဖို့ရှိနေတာ ဖြစ်တယ်လို့လည်း ဘာတေးလစ်တနာက ပြောပါတယ်။

တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက ဝေဖန်ခံနေရတဲ့မြန်မာစစ်အစိုးရနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကြောင့် ဒေသတွင်း စိုးရိမ်စရာဖြစ်နေလို့ ဖြေရှင်းနေရတဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတို့အကြား မကြာသေးခင်နှစ်တွေကစလို့ ဆက်ဆံမှုတွေ တိုးတက်လာတာမို့ နိုင်ငံတကာ အသိုင်းအဝန်းက သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြတာပါ။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရ အနေနဲ့ကသူ့ရဲ့ စစ်ရေးလိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီလို နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေကြားကပဲ ဆက်ဆံမှုတွေ လုပ်နေရတာလို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးအကဲခတ်တဦးဖြစ်သူ ဦးဌေးအောင်က ပြောပါတယ်။

“သူတို့မှာ ဘာပဲဖြစ်ဖြစ် တပ်မတော်ကို ခေတ်မီပြီးတော့ အင်အားကြီးမားတဲ့တပ်မတော်ကြီးဖြစ်အောင် တည်ဆောက်မယ်ဆိုပြီး ကြေညာထားတော့၊ အဲဒါကိုသူတို့က နှစ်အလိုက် စီမံချက်တွေ ချပြီးတော့ တည်ဆောက်နေတာ။ ဥပမာ အဏုမြူလက်နက်ဆိုရင် ၂၀၂၅ ခုနှစ်မှာ ပိုင်တဲ့နိုင်ငံဖြစ်အောင်လုပ်မယ်၊ စသဖြင့်ပေါ့။ ဒုံးကျည်ဆိုရင်လည်း တာလတ်ပစ်ဒုံးကျည်ကို ဘယ်နှစ်နှစ်မှာ ရအောင်လုပ်မယ်ဆိုတဲ့ LongPlan တွေပါချပြီး လုပ်နေကြတာလေ။ အဲလိုအခါမျိုးမှာ အခုလို မြောက်ကိုရီးယားက အရေးယူခံလိုက်ရတယ်ဆိုရင်တော့ သူတို့ရဲ့ Plan တွေမှာလည်း သွားထိခိုက်နိုင်တဲ့အနေအထားရှိတာပေါ့။

“စစ်ရေးလက်နက်ကို ရောင်းချတယ်ဆိုတဲ့နေရာမှာလည်း တချို့နိုင်ငံကြီးတွေက ဥပမာအားဖြင့် နျူကလီးယားလို လက်နက်မျိုး၊ တိုက်ချင်းပစ်ဒုံးပျံလို နည်းပညာမျိုးတွေကြတော့ နိုင်ငံကြီးတွေအနေနဲ့ ရောင်းချချင်စိတ်ရှိမှာ မဟုတ်ဘူးလေ။ ဥပမာ တရုတ်နိုင်ငံပဲဖြစ်ဖြစ်၊ ရုရှားနိုင်ငံပဲဖြစ်ဖြစ်၊ အိန္ဒိယလိုနိုင်ငံမျိုးပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ဒါမျိုးတွေကစည်းမျဉ်းစည်းကမ်းအရ လိုက်နာရတာလည်း ရှိတယ်လေ၊ ဒီလို ဗျူဟာမြောက်လက်နက်တွေကို ရောင်းချဖို့ကိစ္စက။ ဒါပေမယ့် မြောက်ကိုရီးယားလို နိုင်ငံကြတော့အဲဒါတွေကို ဘာမှ သူက လိုက်နာတာမဟုတ်ဘူး။ သူက ငွေရရင်ပြီးရောဆိုပြီး တမင်လုပ်နေတော့ တရုတ်နိုင်ငံလို နေရာမျိုးက မရနိုင်တဲ့ လက်နက်တွေ၊ နည်းပညာတွေကို မြောက်ကိုရီးုယားလိုနေရာမျိုးက နအဖက ဝယ်ဖို့ကြိုးစားနေတဲ့ သဘောပေါ့။”

ဒါဟာဆိုရင် လဆန်းပိုင်းအတွင်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်အပြီး ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့ဖြစ်ရပ်ပါ။ ဒီဆုံးဖြတ်ချက်ထဲမှာတော့ မြောက်ကိုရီးယား နျူကလီးယားလက်နက်အစီအစဉ်၊ ဒုံးကျည်လက်နက် အစီအစဉ်တွေ မလုပ်နိုင်အောင် မြောက်ကိုရီးယားသဘောၤတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ဝင်ရောက်ရှာဖွေ စစ်ဆေးနိုင်တယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းထားတာပါ။ ဒီလိုအခြေအနေမျိုးမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ မြန်မာစစ်အစိုးရအတွက် အကျိုးထက် အပြစ်ပိုဖို့ကသာ များနေတယ်လို့လည်း ဦးဌေးအောင်က ယူဆထားတာပါ။

“နစ်နာမယ်ဆိုရင်တော့ မြောက်ကိုရီးယားက ဒီလောက်ကြီးဖြစ်မှာ မဟုတ်ဘူး။ မြန်မာအစိုးရကတော့ အဲဒီလိုဟာကြီးကို လက်ခံလိုက်ရင် သူက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဆိုတော့ ကုလသမဂ္ဂ ဥပဒေနဲ့ သူက ငြိမှာပဲ။ အခု ဒီသင်္ဘောကို တရားဝင် ရှာပြရမှာပဲ၊ဒီသင်္ဘောမှာ ဘာမှမပါဘူးဆိုတာ သူ အာမခံရမှာပဲလေ။ အဲဒါတွေကို သူ့ဘက်ကတာဝန်ယူနိုင်မလားပေါ့နော်။ ကျနော်ထင်တယ် မြန်မာအစိုးရကတော့ တိုက်ရိုက်ဝေဖန်ရှုတ်ချတာမျိုးတော့ ပိုခံရမှာပေါ့။

“အခု မြောက်ကိုရီးယားနဲ့ မြန်မာနဲ့က စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ရှိနေတာတော့သေချာတယ်။ မြောက်ကိုရီးယားက အကြံပေးတွေလည်း မြန်မာပြည်မှာ ရှိနေတယ်။နောက်တခုက လက်နက်တွေ၊ အထူးသဖြင့် ဒုံးကျည်တွေ၊ တာဝေးပစ် အမြောက်ကြီးတွေ၊ အဲဒါတွေကိုလည်း သူတို့က တင်ပို့ပေးနေတယ်။ အဲတော့ အဲဒီကိစ္စတွေကိုအခုလို မြောက်ကိုရီးယားကို ကုလသမဂ္ဂကပါ အရေးယူလိုက်တယ်၊ နိုင်ငံခြားကိုလက်နက်တင်ပို့မှု တားဆီးလိုက်တယ်ဆိုတော့ မြန်မာစစ်အစိုးရအတွက်ကတော့ ကျနော်ထင်တယ်၊ နောက်လည်း အလားအလာ မရှိတော့ဘူး၊ အခု လက်ရှိကန်ထရိုက်(Contract) တွေမှာလည်း တချို့ဟာတွေ ရဖို့ကြံနေတာဆိုလည်း ဒါတွေက ကိုးလို့ကန့်လန့် ကျန်နေမယ့်သဘော ရှိတာပေါ့။”

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ်တဦးဖြစ်သူ ဦးဌေးအောင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ အခုလို ဟိုးလေးတကျော်ဖြစ်နေတဲ့ စစ်လက်နက်တွေသယ်ဆောင်ပြီး မြန်မာနိုင်ငံကို လာနေတယ်ဆိုတဲ့ မြောက်ကိုရီးယားသင်္ဘောနဲ့ ပတ်သက်လို့ တရားဝင် ပြောတာဆိုတာတော့ မကြားရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG