သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ သတင်းဌာနတွေ ဆက်သွယ်တဲ့ ဦးဝင်းတင် သက်သေမဖြစ်သင့် စစ်အစိုးရရှေ့နေ တင်ပြ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံပြီး သက်သေထွက်ဆိုဖို့ တင်ပြထားတဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ သတင်းစာ ဆရာကြီး ဦးဝင်တင်တို့ကို သက်သေအဖြစ် လက်မခံဖို့ရာ အစိုးရ ရှေ့နေတွေက ဒီနေ့ တရားရုံးမှာ လျှောက်ထားကြပါတယ်။ ဦးတင်ဦးဟာ နေအိမ်အကျယ်ချုပ် ကျခံနေရသူဖြစ်ပြီး၊ ဦးဝင်းတင်ကတော့ ပြည်ပသတင်းဌာနတွေနဲ့ ဆက်သွယ်နေသူ ဖြစ်တဲ့အတွက် လက်မခံသင့်ဘူးလို့ စစ်အစိုးရ ရှေ့နေဘက်က ထွက်ဆိုတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဒီနေ့ မနက် ၁၀ နာရီ တရားရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်ကရော ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ လျှောက်လဲချက်တွေ ပေးခဲ့ပါတယ်။

အန်အယ်လ်ဒီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက် ခွင့်ပေးဖို့ အဓိက တင်ပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားရုံး ရှေ့နေလည်းဖြစ် အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ စစ်အစိုးရ ဘက် က တင်ပြချက်ထဲမှာ ဦးတင်ဦးဟာ ၁၀ (ခ)နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့အတွက် တရားရုံးရှေ့မှာ သက်သေ မထွက်ဆိုသင့်ဘူးလို့ တင်ပြပါတယ်။

ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ကို ခေါ်ပြီး တရားစွဲခဲ့တဲ့အချိန်ကလည်း ၁၀ (ခ)၊ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ အချိန်မှာ ခေါ်လာခဲ့တာဖြစ်တဲ့အတွက် ဦးတင်ဦးကို လက်မခံသင့် ဘူးဆိုတာ မဖြစ်သင့်ဘူးလို့ ချေပပြောဆိုပါတယ်။

နောက် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ ပြည်ပ အသံလွှင့်ဌာနတွေနဲ့ နေ့စဉ်ဆိုသလို အင်တာဗျုးတွေ ပေးနေတဲ့၊ သူ့သဘောထားတွေ ထုတ်ပြောနေတဲ့သူ ဖြစ်တဲ့အတွက် ရုံးတော်ကို မလာရောက်သင့်ဘူးလို့ စစ်အစိုးရဘက်က တင်ပြပါတယ်။

ဦးဥာဏ်ဝင်းကတော့ စစ်အစိုးရနဲ့ သဘောကွဲလွဲသူတွေ သက်သေအဖြစ် ရုံးတော်မှာ ထွက်ဆိုခွင့် မရှိဘူးလို့ ဘယ်ဥပဒေမှာမှ ပြဌာန်းထားတာ မရှိဘူးလို့ ပြန်လည်ချေပပါတယ်။ ဦးဝင်းတင် ပြည်ပ အသံလွှင့်ဌာနတွေနဲ့ ဆက်သွယ် ပြောဆိုနေတာတွေဟာ ဦးဝင်းတင်ရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ဖြစ်တယ်လို့ ပြောပါတယ်။ဦးဝင်းတင်ကတော့ ဒီလို သက်သေထွက်ခွင့် မရှိဘူးလို့ ပြောဆိုနေတာတွေဟာ သူ့အပေါ် ခြိမ်းခြောက် နေတာလို့ မြင်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အစိုးရဘက်က ဘာ သဘောထားရှိနေသလဲဆိုရင်၊ ကျွန်တော့်ကို တရားစီရင်ရေးကို နှောက်ယှက်တယ်တို့၊ တရားစီရင်ရေးကို ပျက်ပြားစေတယ်ဆိုတာမျိုးတွေနဲ့ အရေးယူဖို့ ခြိမ်းချောက်တဲ့ သဘောထားရှိတယ် ဆိုတာ ကို ပြနေတယ်။ ကျွန်တော်ကတော့ သုံးသပ်မိတယ်။ ငါ့ကိုတော့ ခြိမ်းချောက်လာပြန်ပြီ။ အင်္ကျီကိစ္စလည်း ခင်ဗျားတို့ ကြားမှာပေါ့။ ထောင်က အင်္ကျီ ၀တ်လာလို့ ဆိုပြီး ဖမ်းမယ်ဆီးမယ် လုပ်နေတာလည်း ရှိတယ်ဗျ။ သူတို့ လုပ်ချင်တာ လုပ်ပါ။ ကျွန်တော်ရဲ့ ကောက်ချက်ကတော့ ကျွန်တော့်ကို တရားဥပဒေကြောင်းအရ အရေးယူဖို့ စိတ်ကူးတော့ ရှိနေပြန်ပြီ ဆိုတဲ့ သဘောထားဟာ ဒီအမှုရဲ့ လျှောက်လဲချက်မှာ အစိုးရဘက်က လျှောက်လဲချက်ကို ထောက်ရင် ပေါ်လွင်နေတယ်ဆိုတာ တွေ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်က အကျိုးဆောင် ရှေ့နေတွေက အခု ဗဟို တရားရုံးမှာ တင်သွင်းတဲ့ အဆင့်က နောက်ဆုံး အဆင့်ဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက် ချမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့လည်း ကြားနာဖို့ ကိစ္စကိုတောင် တရားရုံးက ရက်ချိန်း အမျိုးမျိုး ပေးပြီး အချိန်ဆွဲနေလို့ သုံးသပ်တာတွေ လည်း ရှိပါတယ်။ ဦးဝင်တင်ကတော့ အမှုနဲ့ ပတ်သက်လို့ အခုလို မြင်ပါတယ်။

“ကျွန်တော်တို့ဘက်က တင်နေတာက လူတွေကိစ္စအတွက် တင်သွင်းနေတာမဟုတ်ဘူး။ တရားဥပဒေက ချို့ယွင်းနေပါတယ်။ တရားခံပြသက်သေကို တရားရုံးက ပယ်ခွင့်ရှိပါတယ်။ မှန်ပါတယ်။ ပယ်ရင် စာနဲ့ ပေနဲ့ ရေးပြီး ပယ်ရမယ်ဆိုတဲ့ ပုဒ်မ ၂၅၇ (၁) အရ ဒါကို လုပ်ဖို့ အောက်ရုံးက ပျက်ကွက်ပါတယ်။ အခု အထက်ရုံးက တင်တဲ့အခါကျတော့လည်း ဒါကိုပဲ ထောက်ပြပါတယ်။ အဲဒါကို သူတို့က အဲဒီအချက်ကို ကျွန်တော်တို့က လျှောက်လဲတဲ့ အခါ ဘာမှ အကြောင်းပြန်ခြင်း၊ ဖြေရှင်းခြင်း တစုံတရာ မပြုဘဲနဲ့၊ ကျွန်တော့်ကို ဗွီအိုအေတို့ ဘီဘီစီတို့မှာ အင်တာဗျူးတွေ လုပ်လို့ ကျွန်တော့်ကိုတောင် ဆက်ပြီး ခြိမ်းခြောက်တာတွေ ပြနေတယ် ဆိုတာက တော်တော်လေး ဂွကျတဲ့အနေအထားပဲ။ ကျွန်တော်တော့ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်ချက်ကလည်း မပြီးသေးတဲ့အတွက် ကျွန်တော်တော့ ဒီအပေါ်မှာ ဘာမှ ပြောချင်တာ မရှိပါဘူးဗျာ။”

အခု ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံထွက်ဆိုမယ့် သက်သေတွေ တင်ပြတဲ့ ကိစ္စကို တပတ်လောက် အတွင်းမှာ တရားရုံးက ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်တယ်လို့ အန်အယ်လ်ဒီဘက်က မျှော်လင့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG