သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စတင်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (Ibrahim Gambari) ဟာ မြန်မာနိုင်ငံကို သွားရောက်တဲ့အကြောင်း ကုလသမဂ္ဂက အတည်ပြုပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရဘက်က တရားစွဲဆိုနေတဲ့အချိန်မှာ မစ္စတာ ဂမ်ဘာရီ သွားရောက်တာဖြစ်ပါတယ်။ ကြိုတင် ကြေညာထားခြင်း မရှိဘဲ သွားရောက်တဲ့ ခရီးစဉ်ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် သွားရောက်မယ့် ခရီးစဉ်တခု ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။

အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားနေပြီဆိုတာကို ကုလသမဂ္ဂက ဒီနေ့ အတည်ပြု ပြောပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကြိုတင် မကြေညာခဲ့တာကို ကြည့်ရင် ကုလသမဂ္ဂဘက်က စစ်အစိုးရနဲ့ စေ့စပ်ညှိ့နိုင်းပြီး ခရီးစဉ်မစခင် အထူး သိမ်သိမ်မွေ့မွေ့ နဲ့ ကိုင်တွယ်နေရပုံရပါတယ်။ အထူးသဖြင့် မစ္စတာ ဂမ်ဘာရီ အနေနဲ ခရီးစဉ်အတွင်းမှာ စစ်အစိုးရဘက်က နိုင်ငံရေးအရ အသုံးချခံရတာမျိုးမဖြစ်အောင်၊ ရလဒ် တစုံတရာထွက်ပြီး ခရီးစဉ်က အပြန် မျက်နှာပန်းလှအောင် ကြိုးပမ်းနေရတယ်လို့ မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရိုက်တာသတင်း တပုဒ်မှာတော့ အနောက်တိုင်း သံတမန်တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာစစ်အစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လာမယ့် ဂျုလိုင်လအတွင်း မြန်မာနိုင်ငံလာဘို့ ဖိတ်ကြားထားတယ်လို့ ဖေါ်ပြပါတယ်။ အတွင်းရေးမှူးချုပ်ဘက်က ဒီဖိတ်ကြားချက်ကို လက်ခံမယ် လက်မခံဘူးဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို စစ်အစိုးရဘက် ဝါဒဖြန့်ဘို့ အသုံးချတာမျိုးဖြစ်သွားမှာ ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောတဲ့အကြောင်း ကိုးကားရေးသားထားပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ ကုလသမဂ္ဂဟာ စစ်အစိုးရကို ထိထိရောက်ရောက် နားချနိုင်တဲ့ အခြေအနေမျိုးမှာ မရှိဘဲ၊ စစ်အစိုးရကို အပျော့ဆွဲ ဆွဲနေရတဲ့ အခြေအနေမျိုးမှာသာ ရှိနေတယ်ဆိုပြီး မြန်မာဒီမိုကရေစီအင်အားစုတွေ အားမလိုအားမရ ဖြစ်နေကြပါတယ်။ ဒီလို အားမလို အားမရဖြစ်နေသူတွေထဲမှာ အန်အဲလ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်လည်း ပါပါတယ်။

"သူတို့ဟာစစ်အစိုးရကို လာများ ချော့ချင်နေလို့လား၊ ချော့ချင်နေတာလား၊ ဒါမှမဟုတ် စစ်အစိုးရကို လာပြီး မျက်နှာချိုသွေးချင်နေလို့လား၊ ဒီလို သဘောနဲ့များဖြစ်လို့ တိုးတိုးတိတ်တိတ် ကြိတ်ကြိတ် လုပ်နေတာလား၊ ဒီလို ကျနော် သံသယဖြစ်မိတယ်။ သို့သော် ဒါက ကျနော့ရဲ့ သံသယပေါ့ဗျာ၊ ထားပါတော့၊ ဒါတွေက သူတို့ ကိစ္စဆိုတော့ ကျနော်တို့ ဘာမှ သိပ်ပြီး ပြောစရာ မရှိပါဘူး၊ ဒါက ကျနော့ရဲ့ သံသယပါ။''

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်တဲ့နေရာမှာ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ပဲ တွန်းအားပေးတဲ့ အဆင့်မှာရောက်နေပြီး ဒါဟာ ဒုတိယ အဆင့်ဖြစ်တယ်လို့ ဦးဝင်းတင်က မြင်ပါတယ်။

ဒီမိုကရေစီရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာက စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်ပြီး ဒီ အခြေခံ ဥပဒေပါ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ဘို့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အစိုးကို တွန်းအားပေးဘို့ လိုတယ်လို့ မြင်ပါတယ်။

''နိုင်ငံတကာက အဲဒီ ကိစ္စလေးကို ကျန်ကျန်နေတယ်။ နိုင်ငံတကာက အနောက်နိုင်ငံတွေက ဒီ အစိုးရကို တောင်းဆိုတဲ့အခါမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုပြီး တောင်းဆိုပါ။ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စတို့ ဘာတို့ ဆိုတာက ဒုတိယ ကိစ္စဖြစ်ပါတယ်။ ဒီ အခြေခံ ဥပဒေက ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ကန့်လန့်ကြီး ခံနေပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုပေးပါ၊ ကျနော်က ဒါကို ပြောချင်ပါတယ်။''

ဦးဝင်းတင် ပြောဆိုနေတာပါ။ မစ္စတာ ဂမ်ဘာရီ ဟာ အခုတခေါက် မြန်မာပြည် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့် ရမရ မသေချာ သေးပါဘူး။ အင်းစိန်အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခွင့် တောင်းမှာ သေခြာပါတယ်။

မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းပဲဖြစ်ဖြစ်၊ အစိုးရ ဧည့်ဂေဟာ မှာပဲဖြစ်ဖြစ်၊ အင်းစိန်ထောင်မှာဘဲ တွေ့တွေ့ စစ်အစိုးရ ချုပ်နှောင်တာကို ခံနေရဆဲအခြေအနေမှာ တွေ့နေရတာကိုက ကုလသမဂ္ဂရဲ့ မြန်မာ့အရေးကြားဝင်ဆောင်ရွက်မှုတွေ အရာမထင်သေးဘူးဆိုတာ ပြနေတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတွေ ပြောဆိုနေကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG