သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စိတ်ကြွဆေး ထုတ်လုပ်မှု အရှိန်အဝါကြီးသူတွေ ပါဝင်


မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏဟာ အခု နှစ်ပိုင်းအတွင်း အတန်ငယ်တိုးများလာတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။ အထူးသဖြင့် ရှမ်းပြည် အရှေ့ဖက်ဒေသမှာ ၂၀၀၈ခုနှစ်အတွင်း အရင်နှစ်ကထက် ၃၆ ရာခိုင်နှုန်း ဘိန်းစိုက်ပျိုးမှု တိုးများလာတာလို့ ပြောပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြပါမယ်။

မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏဟာ အခုနှစ်ပိုင်းအတွင်း အနည်းငယ်များလာတယ်ဆိုပေမဲ့ အရင် ၁၉၉၀ ခုနှစ် ကာလများလောက်အထိတော့ ပမာဏများလာတာမဟုတ်ပါဘူး။ အဓိက ဘိန်းစိုက်ပျိုးဒေသ ရှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ အရှေ့ပိုင်းက အနည်းငယ်ပိုများလာတာပါ။ ဒါတောင်မှ UNODC စာရှင်းအရ ရှမ်းပြည်တောင်ပိုင်းကတော့ စိုက်ပျိုးမှုပမာဏ ကျဆင်းပါတယ်။ ၂၀၀၈ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံး ဘိန်းစိုက်ပျိုးမြေဟာ ခန့်မှန်းချေ မြေဟတ်တာ နှစ်သောင်း၈ထောင်ကျော်ရှိတယ်လို့ UNODC က ထုတ်ပြန်ပါတယ်။ UNODC အနေနဲ့ တကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးထုတ်လုပ်မှုအခြေအနေ အစီရင်ခံကို ဒီကနေထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အခုလို ထည့်သွင်းထားတာပါ။ မြန်မာနိုင်ငံမှာ အခုလို ဘိန်းစိုက်ပျိုးမှုအတန်ငယ်မြင့်တတ်လာတဲ့အပေါ် အစိုးရကိုတော့ သတိပေးထားတယ်လို့ UNODC ရဲ့ အမှုဆောင်ညွန်ကြားရေးမှုး Antonio Maria Costa က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၂နှစ် ၁၅နှစ်အတွင်းမှာ ဘိန်းစိုက်ပျိုးမှု အတော်လေးကို သိသိသာသာ ကျသွားတာ အတော်များများသိကြပါတယ်။ ဒါပေမယ့်လို့ ပြီးခဲ့တဲ့နှစ်နှစ် သုံးနှစ်အတွင်းမှာတော့ ဘိန်းစိုက်ပျိုးမှု ပမာဏက အနည်းငယ်တတ်လာခဲ့ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေးလုပ်မယ်ဆိုတာ ပိုင်းဖြတ်ထားတဲ့အတိုင်း ဆောင်ရွက်သွားဖို့ အာဏာပိုင်တွေကို ကျနော်တို့ သတိပေးခဲ့ပါတယ်။ လာမယ့် ၅နှစ် ၆နှစ်အတွင်းမှာ အရှေ့တောင်အာရှဒေသမှာ ဘိန်းစိုက်ပျိုးမှုတွေ ရပ်တန့်ဖို့ဆိုတဲ့ ရည်မှန်းချက်အပေါ် အစိုးရတွေအနေနဲ့ စွဲမြဲနေဖို့ အရေးကြီးပါတယ်။”

ဒီလို ဘိန်းစိုက်ပျိုးမှုပမာဏ မြင့်တတ်လာပေမယ့်လို့ စိုက်ပျိုးမြေ အကန့်အသတ်ကြောင့် ဘိန်းအထွက် ထုတ်လုပ်မှုကတော့ သိသိသိသာသာကြီး တတ်လာတော့ မရှိဘူးလို့ အန်ထိုနီယို ကော့စတာက ပြောပါတယ်။

“အရေးကြီးတဲ့ အချက်တခုကတော့ မြန်မာနိုင်ငံတွင်းမှာ ဘိန်းစိုက်ပျိုးမြေက အတော်လေး နည်းပါတယ်။ ဒါကြောင့်လည်း ဘိန်းစိုက်ပျိုးမှုတိုးလာတာကြောင့် ဆိုးဆိုးဝါးဝါးတော့ ဖြစ်မလာပါဘူး။”

အခုလို ဘိန်းစိုက်ပျိုးမှု ပမာဏတတ်လာပေမယ့်လို့ - မြန်မာနိုင်ငံမှာ ဟိုအရင် ဆယ်နှစ်ပိုင်းကလိုမဟုတ်တော့ပဲ ဘိန်းစိုက်ပျိုးမှုရော ဘိန်းအထွက်နှုန်းပါ သိသိသာသာကြီး ကျဆင်းခဲ့တာကိုတော့ UNODC က အသိအမှတ်ပြုသလို၊ မြန်မာအစိုးရအနေနဲ့ ဒီအရှိန်အဟုန်အတိုင်း မကျပဲ ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လုပ်ဖို့ အားပေးတိုက်တွန်းပါတယ်။ ဒါပေမယ့်တဖက်မှာတော့ စိတ်ကြွဆေးပြားထုတ်လုပ်မှု တိုးလာပြီး ဒါဟာ ဒေသတွင်းက အရှိန်အဝါကြီးသူတွေနဲ့ ပတ်သက်မှုတွေရှိနေတယ်လို့ မစ္စတာ အန်ထိုနီယို ကော့စတာက ပြောပါတယ်။

“မြန်မာနိုင်ငံအရှေ့ခြမ်းမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်ကျလာတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကျနော်တို့ အတိအကျသိထားမှုကတော့ အေတီအက်စ် ခေါ် အဖာတမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေ တိုးသထက် တိုးများလာတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဒီ စိတ်ကြွဆေးပြားထုတ်လုပ်သူတွေဟာ အရင် ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်လိုက်ရတဲ့ တောင်သူတွေလည်း မဟုတ်ပါဘူး။ သူတို့တွေဟာ ဒေသတွင်းမှာ အရှိန်အဝါကြီးတဲ့သူတွေရဲ့ အကာအကွယ်ရထားတဲ့ ရာဇဝတ်ဂိုဏ်းအုပ်စုတွေနဲ့ပတ်သက်ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တိုက်ဖျက်သလိုပဲ ဒီစိတ်ကြွဆေးထုတ်လုပ်မှုကို အလေးပေး တိုက်ဖျက်သွားဖို့ ကျွန်တော်တို့ အစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။”

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး Antonio Maria Costa ကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။ UNODC အနေနဲ့ ကတော့ လက်ရှိ မြန်မာနိုင်ငံတွင်း ဘိန်း နှိမ်နင်းရေးလုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်တာမျိုးမရှိပေမဲ့ ဘိန်းစိုက်တောင်သူတွေအတွက် ဘိန်းစိုက်ပျိုးမှု စွန့်လွတ်ရတဲ့အခါ ခြေမဲ့လက်မဲ့မဖြစ်အောင် အခြားဖွံဖြိုးရေးအစီအစဉ်တွေ ထောက်ပံ့ရေးအစီအစဉ်တွေ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။ ဘိန်းစိုက်ပျိုးမှု အဓိက နေရာတွေကတော့ ရှမ်းပြည် အရှေ့ပိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်း ကချင်ပြည်နယ် ကယားပြည်နယ် စတဲ့ မြန်မာနိုင်ငံအရှေ့ခြမ်းဒေသတွေမှာဖြစ်ပြီး အနောက်ဖက် ချင်းပြည်နယ်စပ်မှာလည်း စိုက်ပျိုးမှုအတန်ငယ်ရှိပါတယ်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG