သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးအတွက် ဒေါ်စု ပူးပေါင်းမှုမရှိဟု ရဲချုပ်ခင်ရီ ရှင်းလင်း


ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းခဲ့တယ် လို့ မြန်မာစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောလိုက်ပါတယ်။ မစ္စတာ ဂျွန် ဝီလီယမ် ယက်ထော (John William Yettaw) ပထမအကြိမ် အိမ်ထဲဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်ကို ညွှန်းဆိုပြီး အဲဒီလို ပြောဆိုခဲ့တာပါ။ ဒီပြောဆိုချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ဘက်ကတော့ ပယ်ချလိုက်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လုံခြုံရေးအရ တာဝန်ရှိ တပ်ဖွဲ့ဝင်များကို တိုက်ရိုက်ချက်ချင်း သတင်းပို့သင့်ပါလျက် အခင်း ဖြစ်ပွားပြီး ၄ ရက်အကြာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ကျမှသာ ဒေါက်တာတင်မျိုးဝင်းက တဆင့် သတင်းပို့ခဲ့တဲ့ အတွက်ကြောင့် သဲလွန်စတွေရဖို့ ခက်ခဲပြီး အဖြစ်မှန် ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဘူးလို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသွား ပါတယ်။ ဒီအပေါ် အခြေခံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင်ရဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းခဲ့တယ်လို့ ဆိုသွားပါတယ်။ ဒီကနေ့ နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောကြားသွားတာပဲ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ လူတယောက်ဆိုရင် လုံခြုံရေးအတွက် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ လွယ်ကူပေမဲ့ အကျဉ်း ကျနေသူ တယောက်အနေနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အန်န်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

“အကျဉ်းသားတယောက်ရဲ့ ခံစားမှု၊ အကျဉ်းသားတယောက်ဘက်က တုံ့ပြန်မှုက ဒီအတိုင်းပဲ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်ကိုယ်တိုင်က နှစ်ပေါင်းများစွာ ထောင်ထဲမှာ နေခဲ့ဖူးတယ်။ ကျနော်တို့ကို မကြာခဏ ထောက်လှမ်းရေး က ကျနော်တို့ အခန်းနားကို လာကပ်တယ်ဗျာ၊ ကျနော်တို့ တံခါးရှေ့ကို လာပြီးတော့ ဂျစ်ဂျစ် ဂျစ်ဂျစ်ဆိုပြီး သော့တွေ ဘာတွေကို လှုပ်လားပြုလား လုပ်တာတွေ ရှိတယ်၊ မှောင်ထဲမှာ။ ဆိုတော့ ကျနော်တို့က ဒီဟာတွေ၊ ရှိသမျှဟာတွေကို တာဝန်ရှိတဲ့ လုံခြုံရေးအနေနဲ့ ဘာမှ ပူးပေါင်းဆောင်ရွက်ပြီး ဘယ်တုန်းက ဘာကြားတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောနေစရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အကျဉ်းသားအနေနဲ့ နေရတာ။ သူတို့က စောင့်ရှောက်နေတာ မဟုတ်ဘူး။ ဒေါ်စုကို ချုပ်နှောင်ထားတာ။

“အဲဒီအခါမှာ ဒေါ်စုက သူ မြင်သမျှ၊ ကြားသမျှ ဟိုဟာ ဒီဟာ အကုန်လုံး။ ဒါတွေအကုန်လုံးဟာ လုပ်စားချင်ရင် ထောက်လှမ်းရေးကသာ လုပ်မယ်လို့ သူ တွက်ရင် တွက်မှာပေါ့။ ဒီ နိုင်ငံခြားသားလာတာ ဆိုရင်လည်း ထောက်လှမ်းရေး က လွှတ်တာလို့ပဲ သူတွက်ရင် တွက်မှာပေါ့။ အဲဒါကြောင့် အကုန်လုံးကို ဒေါ်စုက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ လုပ်ချင်မှ လုပ်မယ်၊ ဒါ သူ့ရဲ့ Mentality၊ အကျဉ်းသားစိတ်ဓာတ်၊ အကျဉ်းသား ခံစားမှုနဲ့ တုံ့ပြန်မှုဟာ အကျဉ်းသားပုံစံနဲ့ပဲ ရှိမယ်၊ ပုလိပ်က ရပ်ကွက်ထဲ လုံခြုံရေး စောင့်ရှောက်နေတာ၊ ကင်းလှည့် စောင့်ရှာက်နေတဲ့ အရပ်သူ အရပ်သား တွက်ပုံ မျိုးနဲ့ တွက်ချင်မှ တွက်မယ်။ ဒါကို ကျနော် ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ဝင်ချင်တိုင်း ဝင်လို့ရတာ မဟုတ်ဘဲ ကြာသပတေးနေ့ကျမှသာ ဝင်ခွင့်ရတဲ့အတွက် အခုလိုလုပ်တာဟာ မှန်ကန်တယ်လို့ ဦးဝင်းတင်က သုံးသပ်ပါ တယ်။

“ဒေါ်အောင်ဆန်းစုကြည်ဘက်က လုပ်တာ မှန်ကန်တိကျတယ်လို့ ပြောနိုင်တာ ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကို ချုပ်နှောင်ထားတဲ့ လူတွေနဲ့ သွားပြီးတော့ သူ့စိတ်ထဲမှာ အရိပ်အယောင် မြင်တာနဲ့၊ ဟိုကိစ္စ ဒီကိစ္စ မြင်တာနဲ့ သွားပြောမနေနိုင်ဘူး၊ တရားဝင်ပဲပြောမယ်။ တရားဝင်ပြောရင် ဘယ်လိုပြောမလဲ၊ သူပြောနိုင်တာ ဒေါက်တာတင်မျိုးဝင်း ကပဲ ပြောနိုင်မယ်။ အဲဒါကြောင့် ဒေါက်တာတင်မျိုးဝင်းကို ပြောပါလို့ ဒေါက်တာတင်မျိုးဝင်းလာတဲ့ ကြာသပတေးနေ့ကျမှ သူက အကြောင်းကြားတာ။”

သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာယက်ထောနဲ့ ပတ်သက်လို့လည်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အကျယ်တဝင့် ပြောဆိုခဲ့ ပါတယ်။ မစ္စတာ ဂျွန် ဝီလီယမ် ယက်ထောဟာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းပြီး ဆင်ခြင် သုံးသပ်နိုင်စွမ်းအား မြင့်မားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ စိတ်ဝေဒနာရှင်၊ ကျပ်မပြည့်သူ တဦးဆိုတာ မဟုတ်မှန်ပါဘူးလို့ ဆိုပါတယ်။

မစ္စတာယက်ထောဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ရောက်တဲ့အချိန်မှာ အင်အားချည့်နဲ့ မောပန်းပြီး ခြေထောက် ကြွက်တက်တဲ့ ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရတယ်၊ သွေးတွင်း သကြားဓာတ် လျော့နည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရ တယ်လို့ ထွက်ဆိုခဲ့ပေမဲ့ ဖမ်းဆီးရမိပြီးတဲ့နောက် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့ အခါမှာတော့ အဲဒီ ရောဂါ တွေကို မတွေ့ရဘူးလို့ ဆိုသွားပါတယ်။ အခုလို အိမ်ထဲကို ဒုတိယအကြိမ် လျှို့ဝှက်ဝင်ရောက် သွားနိုင်တဲ့အတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့ စစ်ဆေးနေပြီးတော့ အဲဒီဖြစ်ရပ်အတွက် တာဝန်ပေါ့လျော့သူတွေ တွေ့ရှိမယ်ဆိုရင် အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောကြားသွားပါတယ်။

ဦးဝင်းတင်ကတော့ မစ္စတာယက်ထောကို ဒေါ်အောင်ဆန်းစုကြည် နှင်မထုတ်ခဲ့တာဟာ လူသားစိတ်ဓာတ်ရှိတဲ့ ဘယ်လို လူတွေမှာမဆို တွေ့ရတဲ့ ရိုးရိုးစိတ်ထားသာ ဖြစ်တဲ့အတွက် လူသားစိတ်ဓာတ် မရှိသူတွေအဖို့ နားလည်နိုင်မှာ မဟုတ်ဘူး လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG