သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လုံခြုံရေးအတွက် ဥပဒေအရ စစ်အစိုးရမှာသာ တာဝန်ရှိ


အကျယ်ချုပ် ကျခံနေရသူတယောက်ရဲ့ လုံခြုံရေးဟာ သူ့ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေမှာပဲ ဥပဒေ အရ လုံး၀ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အကျိုးဆောင်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းခဲ့တယ်လို့ ဒီနေ့ ကျင်းပခဲ့တဲ့ စစ် အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ် မေးမြန်းရာမှာ ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒီကာလမှာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်က ကာကွယ်တဲ့ ဥပဒေပုဒ်မ ၁၀(ခ) အရ ထိန်းသိမ်းခံနေရတဲ့ အချိန်။ အဲဒီလို ထိန်းသိမ်းခံနေရတဲ့ အချိန်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရမှာသာ လုံး၀ တာဝန်ရှိတယ်။ ဒါ ဥပဒေအရ ပြောတာပါ။

“ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တားဆီးမိန့် ချမှတ်ခဲ့တဲ့အထဲမှာ အကျုံးဝင်တဲ့ မိမိလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရထိုက်တဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေ ရုပ်သိမ်းခံထားရပြီ၊ ရုပ်သိမ်းခံထားရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိလုံခြုံရေးကို ဘာမှ ဆောင်ရွက်နိုင်ခွင့်လည်း မရှိဘူး၊ ဒါဟာ အဲဒီလို ရုပ်သိမ်းတဲ့ အဖွဲ့အစည်းကသာ တာဝန်ရှိတယ် ဆိုတာ ဥပဒေအရ ရှိနေတဲ့အတွက် ဒီနေ့ပြောတဲ့စကားဟာ သိပ်ပြီးတော့ ဥပဒေနဲ့ မကိုက်ညီဘူးလို့ပဲ ကျနော် ယုံကြည် ပါတယ်။”

မစ္စတာယက်ထော ပထမတခေါက် လာတုန်းက ထားသွားခဲ့တဲ့ Book of Mormon ဆိုတဲ့စာအုပ်၊ အဲဒီစာအုပ် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ပြည့်စုံမှန်ကန်စွာ သတင်းမပို့ဘဲ ထိန်ချန်ထားတဲ့အတွက် လူတယောက် ဝင်လာတယ် ဆိုတဲ့ အချက်ကို ဆက်စပ်အတည်ပြုဖို့ ခက်ခဲတယ်လို့ ပြောထားပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ရော…။

“ကျနော်တို့က တဘက်ကို အပြစ်ပြောချင်တာတော့ မဟုတ်ဘူးဗျ။ ဒါပေမဲ့ အဲဒီလို ဝင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးက တာဝန်မရှိဘူးလား၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စအတွက် ဘာ့ကြောင့် တာဝန်ရှိရမလဲ၊ အဲဒါလေးကို စဉ်းစားဖို့တော့ လိုမယ်ထင်တယ်ဗျ။”

ရဲချုပ်ခင်ရီ ပြောတဲ့အထဲမှာ အိမ်ထဲကို ဒုတိယအကြိမ် လျှို့ဝှက် ဝင်ရောက်သွားနိုင်တဲ့ အတွက်လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီးတော့ စစ်ဆေးလျက် ရှိပါတယ်တဲ့။ ဒီအဖြစ်အတွက် တာဝန်ပေ့ါလျော့သူတွေကို တွေ့ရှိပါက အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

“အဲတော့ နောက်ဆုံးအကြိမ် ဝင်တာရော၊ ပထမအကြိမ် ဝင်တာရော၊ ပထမအကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာတင်မျိုးဝင်းကတဆင့် သတင်းပို့ခဲ့တယ်။ ဒုတိယအကြိမ်မှာ ဒေါက်တာတင်မျိုးဝင်းကို ၇ ရက်နေ့ ရောက်လာရင် သတင်းပို့ခိုင်းမယ်၊ သို့သော် ၇ ရက်နေ့မှာ ဝင်ခွင့်မရဘူး။ အဲတော့ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန် ရှိရအောင် အဲဒီ Inquiry Board ကို ဘယ်တုန်းက ဖွဲ့လဲ။

“ဒါ ရဲချုပ်ကို ကျနော် Against လုပ်နေတာ မဟုတ်ဘူး။ တရားရုံးရှေ့မှာကို ကျနော်တို့ မေးထားတယ်။ Inquiry Board ဘယ်သူနဲ့ ဖွဲ့တာလဲ၊ ဘယ်အဖွဲ့အစည်းက ဖွဲ့တာလဲ၊ အဲဒီ Inquiry Board ဘာလုပ်သလဲ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို စပြီး သတင်းပို့တဲ့ ပုဂ္ဂိုလ်တွေကို ဘာ့ကြောင့် မစစ်၊ မမေးတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ မေးခွန်းတွေ ထုတ်တယ်။ တရားရုံးရှေ့မှာ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး အဖြေမပေးနိုင်ကြပါဘူး။”

ပထမအခေါက် မစ္စတာယက်ထော လာတုန်းက ၄ ရက်အကြာကြမှ ဒေါက်တာတင်မျိုးဝင်းက တဆင့် သတင်းပို့တယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အနီးအနားမှာရှိတဲ့ လုံခြုံရေးတွေကိုရော တခါတည်း တိုက်ရိုက် ပြောဆိုလို့ မရဘူးလားဆိုတဲ့ သဘောမျိုး သက်ရောက်နေလို့ပါလား။

“ဟုတ်တယ်၊ သူတို့ ဒီလိုပြောပါတယ်။ လက်တွေ့အားဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရဲ့ ခြံဝင်းအတွင်းမှာ လုံခြုံရေး တယောက်မှ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ခွင့်မပြုဘူး။ အပြင်မှာ လုံခြုံရေး ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့လည်း တကြိမ်တခါမှ တွေ့ဖူးခြင်း မရှိဘူး။ အဲဒီအခြေအနေပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG