သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-စင်္ကာပူ ဆက်ဆံရေး


ဒီလအစောပိုင်းက စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ဥက္ကဌ ဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်း (Goh Chok Tong) မြန်မာနိုင်ငံကိုရောက်ရှိလာပြီး ဗမာစစ်အုပ်စုကို သတိပေးစကား ပြောကြားသွားတာကို ကြည့်ရင် မြန်မာ-စင်္ကာပူ ဆက်ဆံရေးအခြေအနေကို ခန့်မှန်းနိုင်ပါတယ်။ တိုးတက်မှုမရှိရင် စင်္ကာပူ အစိုးရသတင်းဌာနက ကြေညာပါတယ်။ ဒါပေမယ့် လက်တွေ့ကတော့ ဗမာစစ်အစိုးရအလိုကျ စင်္ကာပူက လုပ်ပေးနေရတာများပါတယ်။ အကြောင်းကတော့ စင်္ကာပူဟာ ငွေရဖို့သာ အဓိကထားလို့ပါပဲ။

ဗမာစစ်အစိုးရ သက်ဆိုးရှည်အောင်လုပ်နေသူတွေထဲမှာ စင်္ကာပူလည်းပါဝင်နေပါတယ်။ ၁၉၈၈ အရေးတော်ပုံကာလမှာ မျက်ဖြူဆိုက်နေတဲ့ ဗမာစစ်အစိုးရကို စင်္ကာပူက လက်နက်နဲ့ ငွေကြေးကူညီခဲ့ပါတယ်။ စစ်အုပ်စိုရဲ့ ဒေါ်လာတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတာလည်း စင်္ကာပူပါပဲ။ စင်္ကာပူရဲ့ မင်းဆရာ လီကွမ်ယူး (Lee Kuan Yew) က ဗမာဗိုလ်ချုပ်တွေ အသုံးမကျကြောင်း မကြာခဏပြောလေ့ရှိပေမယ့် လက်တွေ့မှာတော့ ဗမာစစ်အုပ်စုအသိုင်းအဝိုင်းရဲ့ မသမာငွေကြေးကို ထိန်းသိမ်းစောင့်ရှောက်နေပါတယ်။

စင်္ကာပူဟာ အတတ်ပညာနဲ့ လုပ်အားသာရှိနေရာမို့ ပတ်ဝန်းကျင်နိုင်ငံတွေက ခိုးရာပါပစ္စည်းနဲ့ မသမာတဲ့ငွေကြေးကို လက်ခံအစဉ်အလာရှိပါတယ်။ အမေရိကန်အစိုးရက နာမည်ဖော်ပြီး ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာကုမ္မဏီတွေဟာ စင်္ကာပူမှာ ခြေကုတ်ယူတာများပါတယ်။ အထင်ရှားဆုံးကတော့ ဘိန်းမှောင်ခို လော်စစ်ဟန်ရဲ့ သား Steven Law (ခေါ်) ထွန်းမြင့်နိုင် ပိုင်တဲ့ Asia World နဲ့ တေဇ ပိုင်တဲ့ ထူးကုမ္မဏီတို့ ဖြစ်ပါတယ်။ ကြပ်ပြေးနေပြည်တော် တည်ဆောက်ရာမှာလည်း ဒီ ကုမ္မဏီတွေ ရှေ့တန်းက ပါဝင်ပါတယ်။ ဗမာစစ်အုပ်စုရဲ့ ကျန်းမာရေးကိုလည်း စင်္ကာပူကပဲ စစ်ဆေးပေးနေပါတယ်။

ဗမာဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း စင်္ကာပူမှာ ဆေးကုရင်း သေဆုံးသွားခဲ့ပါတယ်။ စစ်အုပ်စုအသိုင်းအဝိုင်းရဲ့ သားသမီးမြေးမြစ်တွေလည်း စင်္ကာပူမှာ ပညာသင်နေကြပါတယ်။ မသမာငွေကြေး နဲ့ တည်ထောင်ထားတဲ့ Asia World ကုမ္မဏီရဲ့ စင်္ကာပူက စီးပွား နဲ့ စင်္ကာပူအစိုးရရဲ့ မြန်မာပြည်က စီးပွားကို ဖော်ပြဖို့ စင်္ကာပူအစိုးရက အမြဲတမ်း ငြင်းဆိုနေပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူဒီမိုကရက်တစ်ပါတီ (Singapre Democratic Party) အထွေထွေအတွင်းရေးမှုး ချီစွန်ယွမ်း (Chee Soon Juan) မေးမြန်းတာကို စင်္ကာပူအစိုးရ မကျေမနပ်ဖြစ်ပြီး အရေးယူတဲ့အတွက် ၂၀၁၁ အထိ ရွေးကောက်ပွဲ ဝင်ခွင့်မရတော့ပါ။

ထိုင်းနဲ့တရုတ်နိုင်ငံအစိုးရတို့ပြီးရင် မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြုတ်နှံထားတာ စင်္ကာပူနိုင်ငံ ဖြစ်ပါတယ်။ မြန်မာပြည်ကလာတဲ့ မသမာတဲ့ငွေတွေကို အလုံးအရင်းနဲ့ လက်ခံထားတာလည်း စင်္ကာပူ ဖြစ်ပါတယ်။ ဒါကြောင့် စင်္ကာပူအစိုးရဟာ အမေရိကန်အလိုကျ လုပ်ပေးချင်ပေးမယ့် ဗမာစစ်အုပ်စို ငြိုငြင်မှာလည်း စိုးရိမ်နေရပါတယ်။ စင်္ကာပူအစိုးရ အာဆီယံဥက္ကဌဖြစ်တုန်းက ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ (Ibrahim Gambari) ကို စင်္ကာပူညီလာခံမှာ စကားပြောခွင့်ပေးပြီးမှာ ဗမာကိုယ်စားလှယ်က ကန့်ကွက်လို့ အစီအစဉ်ပျက်သွားတာကို ကြည့်ရင် မြန်မာ့ဒီမိုကရေစီအရေးမှာ စင်္ကာပူပါဝင်နိုင်မယ့် အကန့်အသတ်ကို သိနိုင်ပါတယ်။

ဗမာစစ်အုပ်စုနဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းကို အမေရိကန်က အရေးယူရာမှာ ဗမာနဲ့ ဆက်စပ်နေတဲ့ စင်္ကာပူကုမ္မဏီတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဗမာစစ်အုပ်စု အသိုင်းအဝိုင်းနဲ့ ဆက်ဆံတဲ့ ကုမ္မဏီတွေကို အမေရိကန်နိုင်ငံသားတွေ ရှောင်ကြဉ်ဖို့ သမ္မတ ဂျော့ရှ်ဘုတ်ချ် (George Bush) လက်ထက်က အမိန့်ထုတ်တာဟာ စစ်အုပ်စုနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ စင်္ကာပူကုမ္မဏီကိုလည်း ထိခိုက်နိုင်ပါတယ်။ စီးပွားရေးတွက်ခြေမကိုက်လို့ စင်္ကာပူကုမ္မဏီတွေ နောက်ဆုတ်သွားရင် ဗမာစစ်အုပ်စုလည်း ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ဧပြီလနှောင်းပိုင်း ကျူးဘားနိုင်ငံ ဟာဗားနား (Havana) မှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများအစည်းအဝေးနဲ့ ၂၀၀၈ က ကုလသမဂ္ဂမှာ ဗမာနိုင်ငံခြားရေးဝန်ကြီးက ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းဖို့ ပြောသွားတာကိုကြည့်ရင် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဗမာစစ်အုပ်စု အနေမချောင်တာ ထင်ရှားပါတယ်။

မိမိနိုင်ငံမှာ အခွန်မဆောင်ချင်လို့ တိမ်းရှောင်တဲ့ အနောက်တိုင်းက သူဌေးရယ် မသမာတဲ့ ဒေါ်လာတွေရထားလို့ ချမ်းသာနေသူတွေရယ် စုပေါင်းလိုက်မယ်ဆိုရင် စင်္ကာပူမှာ သန်းကြွယ်သူဌေးပေါင်း ငါးသောင်းကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။ မသမာတဲ့ ငွေမဲတွေကို ခဝါချပြီး တရားဝင်ငွေဖြစ်အောင်လုပ်တာကို တားမြစ်တဲ့ဥပဒေ စင်္ကာပူမှာရှိပေမယ့် ငွေမဲကို ဘယ်သူကမှ စုံစမ်းစစ်ဆေးနေတာမဟုတ်လို့ ဒီ ဥပဒေကို ကျင့်သုံးဖို့ အခွင့်အလမ်းမရှိပါဘူး။ ဒါကြောင့် စင်္ကာပူဟာ အာဏာအလွဲသုံးစားလုပ်သူတွေရဲ့ လောကနိဗ္ဗာန်လို ဖြစ်နေပါတော့တယ်။

ဗမာစစ်အုပ်စုအနေနဲပ စင်္ကာပူအစိုးရ အကြံပေးချက်ကိုလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်၊ တွေ့ဆုံဆွေးနွေးမယ် ဆိုရင် နစ်နာစရာမရှိပါဘူး။ ဒီမိုကရေစီရသွားလို့ အာဏာလက်လွတ်လိုက်ရရင်လည်း ဗမာစစ်အုပ်စုဟာ စင်္ကာပူမှာ စည်းစိမ်ခံနိုင်ပါတယ်။ အင်ဒိုနီးရှား အာဏာရှင် ဆူဟာတို () လက်ထက်မှာ မသမာတဲ့နည်းနဲ့ ရယူထားတဲ့ဒေါ်လာငွေတွေကို စင်္ကာပူမှာ ရင်းနှီးမြုပ်နှံပြီး စည်းစိမ်ခံနေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား သန်းကြွယ်သူဌေး နှစ်သောင်းနီးပါးဟာ ဒီမိုကရေစီခေတ် ရောက်တော့လည်း စင်္ကာပူမှာ ဇိမ်ခံနေတုန်းလို့ ၂၀၀၆ ခုနှစ် Merrill Lynch ကုမ္မဏီအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့် သန်းကြွယ်သူဌေး ဗမာစစ်အုပ်စုအတွက် စင်္ကာပူဟာ စိတ်အချရဆုံး ထွက်ပေါက်ဖြစ်နိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG