သီရိလင်္ကာနိုင်ငံရဲ့သမ္မတ မဟင်ဒါ ရာဂျာပါ့ခ်ဆေ့ (Mahinda Rajapaksa) ကို ဒီနှစ်အတွင်း ရာထူးက အဖယ်ရှားခံရမယ်လို့ ကြိုတင်ဟောကိန်းထုတ် လိုက်တဲ့ နာမည်ကြီး ဗေဒင်ဆရာတဦး ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဒီလို ကြိုတင် ဟောကိန်း ဘာကြောင့် ထုတ်ရသလဲ ဆိုတာကို အာဏာပိုင်တွေက သိချင်နေတယ်လို့ သီရိလင်္ကာရဲ ဌာန ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ကပဲ ပြောလိုက်ပါတယ်။
ဗေဒင် ဆရာ ချန်ဒြာစီရိ ဘန်ဒါရာ (Chandrasiri Bandara) ကို အခုတပတ်စောစောပိုင်းက ဖမ်းခဲ့ကြတာပါ။ သူ့ရဲ့ ဟောကိန်းအရ လက်ရှိဝန်ကြီးချုပ်က သမ္မတနေရာကို ဝင်ယူပြီး အတိုက်အခံ ခေါင်းဆောင်တဦးက ဝန်ကြီးချုပ် ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီလို အပြောင်းအလဲဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြစ်လိမ့်မယ်လို့ ဟောခဲ့တာပါ။ ဗေဒင်တွက်ချက်မှုဟာ သီရိလင်္ကာနိုင်ငံမှာ တော်တော်ယုံကြည်မှုရှိတဲ့ ကိစ္စဖြစ်ပြီး နိုင်ငံရေးသမား တော်တော်များများ ကလည်း ဗေဒင်ကိုအကြီးအကျယ် ယုံကြည်ကိုးစားကြတာပါ။