သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ဝက်တုပ်ကွေးစဖြစ်၊ ရောဂါပိုးရှိသူနဲ့ သီးခြား နေရန်လို


တကမ္ဘာလုံးက ထိတ်လန့်နေတဲ့ H1N1 ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စ ဖြစ်နေပါပြီ။ ဒါကို နိုင်ငံပိုင် မီဒီယာတွေကလည်း စနေနေ့ က အတည်ပြု သတင်းပေးခဲ့ကြပါတယ်။

ဒါ နဲ့ ပတ်သက်ပြီး ဦးတင်မောင်သန်း က ဘာများ ကြားပါသေးလဲ။ -

"လူနာ က အသက် ၁၃ နှစ် အရွယ် ကလေးဖြစ်ပြီး၊ စင်္ကာပူနိုင်ငံက သောကြာနေ့ နေ့လယ်မှာ ပြန်လာခဲ့တာပါ။ ဒီ ကျောင်းသူလေးကို ဆေးရုံကြီးက သီးသန့် အထူးခန်းမှာ တင်ထားတယ်လို့ သတင်းက ဆိုပါတယ်။"

ဝက်တုပ်ကွေး ကို ကူးစက်တတ်တဲ့ ရောဂါလို့ ပြောကြပါတယ်။ မကူးစက်ရအောင် ဘယ်လိုများ ကာကွယ်နိုင်မလဲ ဆိုတာကို ဦးတင်မောင်သန်း မေးမြန်းကြည့်ထားတာများ ရှိပါသလားရှင်။ -

"ဟုတ်ကဲ့ ရှိပါတယ်။ အဓိက က တော့ တုပ်ကွေးမိတဲ့ လူနာပါပဲ။ သူတို့ ကနေ တခြားသူတွေ ကို ကူးစက်တတ်တာမို့ သူတို့ နေထိုင်ပုံ က အဓိက ကျလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ အင်္ဂလန်နိုင်ငံ က ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးမြတ်လွင် ကို မေးကြည့်တဲ့အခါ၊ သူ က အခုလို ပြောပါတယ်။"

ဦးမျိုးမြတ်လွင်။ ။ ဒီရောဂါ ရရှိတယ် ဆိုတာ စမ်းသပ်ပြီးတော့ သေချာတယ် ဆိုရင် အကောင်းဆုံးကတော့ ကျောင်းမသွား အပြင်မသွားဘဲ အိမ်မှာနေတာ အကောင်းဆုံးပါပဲ။ ဒီရောဂါ လက္ခဏာ မရှိတော့တဲ့အထိ အိမ်မှာ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ဘဲ နေရမယ်။ အိမ်မှာလည်း ကိုယ့်မိသားစုကို မကူးအောင်လို့ အထူးသတိထားရမှာပေါ့။ ချောင်းဆိုး တယ်၊ နှာချေတယ် ဆိုလို့ရှိရင် တစ်ရှူး စက္ကူလေးတွေနဲ့ အုပ်ပြီးတော့ လွှတ်ပစ်ရမယ်။ ပြီးတော့ လက်ကို သေချာ ဆေးကြောရမယ်။ အဲဒါ သိပ်အရေးကြီးပါတယ်။

ဟုတ်ကဲ့။ အဲဒီ ကျောင်းသူလေး ဟာ မြန်မာပြည်ပြန်ရောက်ပြီးတော စာသင်တဲ့ အတန်း သွားတက်သေးတယ်လို့လည်း ပြောပါတယ်။ တခြား ကျောင်းသူကျောင်းသားတွေ အတွက် စိုးရိမ်စရာ မရှိနိုင်ဘူးလားရှင်။ -

"ဟုတ်ကဲ့။ စိုးရိမ်စရာ ရှိပါတယ်။ အဲဒီ အတန်း မှ မဟုတ်ပါဘူး။ သူ နဲ့ လေယာဉ်တခရီးတည်း စီးလာခဲ့တဲ့ သူတွေ အနေနဲ့လည်း တုပ်ကွေးမိမှာ စိုးရပါတယ်။ ဒါကြောင့်လည်း ဒီ ကလေး နဲ့ ထိတွေ့မှုရှိတဲ့ သူ့မိသားစု၊ အတန်းတက်ဖော် သူငယ်ချင်းတွေ နဲ့ လေယာဉ် တခရီးတည်း သွားခဲ့တဲ့ သူတွေကိုလည်း ကျန်းမာရေးဌာနက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ သူတို့ အနေနဲ့ ဘာဂရုစိုက်သင့်သလဲ ဆိုတာ ကို မေးကြည့်တဲ့အခါ၊ ဆရာမျိုးမြတ်လွင် က အခုလို ပြောပါတယ်။

ဦးမျိုးမြတ်လွင်။ ။ ရောဂါကတော့ တပတ် နှစ်ပတ်လောက်အထိ ပေါ့နော်။ နှစ်ပတ်လောက်အထိကတော့ လက္ခဏာ နောက်ပိုင်းမှာ ပေါ်လာနိုင်တယ်။ အဲဒီအတွင်းလောက် အထိကတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီ လေယာဉ်ပျံပေါ်မှာ အတူပါလာတဲ့သူတွေ ရော၊ အတန်းထဲက နီးစပ်တဲ့သူတွေရော သူတို့ကတော့ ကိုယ့်ဟာကိုယ် သတိထားပြီး နေရမှာ ပေါ့လေ။ ကိုယ့်ရဲ့ ရောဂါ လက္ခဏာ စပေါ်လာတာနဲ့ ဆရာဝန်နဲ့ တွေ့ရမယ်။ တွေ့ပြီးတော့ ဒီရောဂါ ဟုတ်မဟုတ်ကို စစ်ဆေးပြီးတော့ ကုသရမယ်ပေါ့လေ။ အရေးကြီးဆုံးကတော့ ဆက် မပြန့်ဖို့ပဲ ဆိုတော့ လူတွေလည်း တတ်နိုင်သလောက် အိမ်မှာပဲ နေသင့်တာပေါ့လေ။ တကယ်လို့ ဒီ တပတ်နှစ်ပတ်လောက် ရောဂါ လက္ခာ မရှိတော့ဘူး ဆိုတဲ့ အချိန်ကျမှပဲ လွတ်လပ်စွာ အပြင်သွားဖို့ ပိုကောင်းပါတယ်။ ထပ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ လက်ဆေးတာနဲ့ ချောင်းဆိုးတယ် ဆိုရင် ပါးစပ်နဲ့ မျက်နှာကို အုပ်ထားဖို့ အရေးကြီးပါတယ်။

ဦးတင်မောင်သန်း။ ။ ခုနကပြောတဲ့ နီးစပ်တဲ့သူတွေပေါ့လေ။ စဖြစ်မဖြစ် ဘယ်လို ရောဂါ လက္ခဏာတွေနဲ့ သိနိုင်ပါ သလဲ။ -

ဦးမျိုးမြတ်လွင်။ ။ ပုံမှန် တုပ်ကွေးရောဂါသဘောမျိုးပါပဲ။ ဖျားမယ်၊ အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်။ နှာစေးမယ်၊ ချောင်းဆိုးမယ်။ တချို့မှာလည်း ဝမ်းသွားတယ်လို့ ကျနော်တို့ တွေ့နိုင်ပါတယ်။ ဆိုတော့ ရောဂါ လက္ခဏာ တွေ့တိုင်းလည်း ဝက်တုပ်ကွေးတော့ မဟုတ်ဘူးပေါ့လေ။ တခြား ဟာတွေလည်း ဖြစ်နိုင်ပါတယ်။ ပြောရတာကတော့ နည်းနည်းတော့ ခက်တယ်ပေါ့လေ။ တွေ့တော့မှပဲ သေချာ ပြောနိုင်မှာပဲ။

ဒါနဲ့ ဦးတင်မောင်သန်းရေ .. တခြား နိုင်ငံတွေ မှာကော ဘယ်လို စီစဉ်လုပ်ဆောင်တတ်ကြပါသလဲရှင့်။ -

"ဟုတ်ကဲ့ .. အင်္ဂလန်နိုင်ငံမှာ လုပ်ကိုင်ပုံကို ဆရာ က အခုလို ဆက်လက် ပြောပြပါတယ်။"

ဦးမျိုးမြတ်လွင်။ ။ ဒီမှာတွေကတော့ အဲဒီလိုမျိုး ရောဂါ လက္ခဏာ တွေ့တယ်ဆိုရင်တော့ ဆေးရုံကို တန်းပြီး မသွားဖို့ အကြံပေးတယ် ပေါ့လေ။ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးကတော့ မိသားစု ဆရာဝန်ကို လှမ်းပြီးတော့ အကြောင်းကြား။ မိသားစု ဆရာဝန်က အိမ်မှာ လာကြည့်ပြီးတော့ စမ်းသပ်မှုတွေဘာတွေ အိမ်မှာပဲ လုပ်ပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က စိတ်ပူပြီးတော့ ဆေးရုံ ဆေးခန်း သွားတယ် ဆိုရင် တခြားသူတွေကို ပိုပြီးတော့ ပြန့်ပွားနိုင်တာပေါ့။

ဦးတင်မောင်သန်း။ ။ အင်္ဂလန် မှာ ကျောင်းတွေ ဘာတွေ ပိတ်တာတွေရော ရှိလား ဆရာ။

ဦးမျိုးမြတ်လွင်။ ။ ဒါကို အခု အငြင်းပွားချက် ရှိနေပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်ကတော့ ဖြစ်တယ်ဆိုတာနဲ့ ကျောင်းကို တခါတည်း ပိတ်လိုက်တယ်။ နောက် ကျောင်းက ကလေးတွေကို အကုန်လုံး စစ်လိုက်တယ်ပေါ့လေ။ တကယ်လို့ စစ်လို့ ရောဂါ မရှိတဲ့ကလေးတွေ အတွက် ကျောင်းပြန်ဖွင့်ပေးမယ်။ ရောဂါ ရှိတဲ့ ကလေးတွေကတော့ အိမ်မှာပဲ နေရတာ ပေါ့လေ။

ဝက်တုပ်ကွေး စဖြစ်ခါစတုန်းကတော့ မက္ကဆီကို မှာ အသေအပျောက် တော်တော်များပြီး၊ အထိတ်တလန့် ဖြစ်ကြပါတယ်။ ဒီ တုပ်ကွေး က တော်တော်ကြောက်စရာများ ကောင်းပါသလား ဦးတင်မောင်သန်းရေ။ -

"ဒီလောက်တော့ ကြောက်စရာမဟုတ်ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်၊ မေလ ၁၂ ရက်ကတည်းကဆိုရင်၊ ဝက်တုပ်ကွေး ဖြစ်တဲ့ လူနာ ၁၂၀၀ ကျော်ရှိခဲ့ပြီး၊ အသေအပျောက် ၂ ယောက် ရှိခဲ့ပါတယ်။ ကျွန်တော် က ဆရာမျိုး ကို အခုလို ဆက်မေးကြည့်ခဲ့ပါတယ်။"

ဦးတင်မောင်သန်း။ ။ WHO ကလည်း သိပ်ပြီး လူတွေကို အထိတ်တလန့် မဖြစ်စေချင်ပါဘူး။ ဆိုတော့ ခုနက အန္တရာယ် ဖြစ်လောက်အောင် အထိ ဖြစ်သွားတာက ဘယ်လိုအခြေအနေမျိုးမှာမှ ဒီ တုပ်ကွေးရောဂါက ပိုပြီး ဆိုးရွားသွားနိုင်တဲ့ အနေအထား ရှိပါသလဲ ဆရာ။

ဦးမျိုးမြတ်လွင်။ ။ အခု ကျနော်တို့ တွေ့ရှိသလောက်ကတော့ ကိုယ့်မှာ နဂို ရောဂါ ရှိတယ်ပေါ့လေ။ အထူးသဖြင့် အဆုတ်ရောဂါ တို့၊ ရင်ကျပ် ရောဂါတို့၊ ကိုယ်ခံအားနည်းတဲ့ ရောဂါတို့၊ အေအိုင်ဒီအက်စ် တို့၊ ဒါမှမဟုတ် နှလုံးရောဂါ တို့၊ ဆီးချို ရောဂါတို့ ဒါမျိုး ရောဂါ အခံ ရှိတဲ့သူတွေက ပိုပြီးတော့ ဆိုးရွားတတ်တာ တွေ့ရပါတယ်။ တော်တော်များများ ကတော့ ထောင်နဲ့သောင်းနဲ့ချီပြီး ဖြစ်ကြပေမယ့် အကုန်လုံး ပြန်ကောင်းသွားကြပါတယ်။ အများသောအားဖြင့်ပေါ့လေ။ အထူး စိတ်ပူဖို့တော့ မလိုဘူး။ ဒါပေမယ့် အထူးသဖြင့်ကတော့ ကိုယ်ကိုယ်တိုင်က ရောဂါ တခု ရှိတယ်ဆိုရင်တော့ သတိထားရ မယ်၊ တကယ်လို့ အသက်ရှူကျပ်တယ်။ အသက်ရှူမဝဘူး၊ အဖျား သိပ်ကြီးတယ် ဆိုရင်တော့ ဒါ ဆေးရုံ ဆေးခန်းမှာ သွားပြီးတော့ တက်ရင်လည်း တက်ရမယ်။ အထူးကုနဲ့ အရေးပေါ်သွားရမယ်။ အထူးကု အနေနဲ့ နေရင်နေရမယ်။ အဲဒါမျိုးလေးတွေ တော့ ရှိတာပေါ့လေ။ သတိတော့ ထားရမှာပေါ့လေ။

ဒါကတော့ အင်္ဂလန်က ကလေးအထူးကု ဆရာဝန်ကြီး ဆရာမျိုးမြတ်လွင် ကို ဆက်သွယ်မေးမြန်းထားတာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG