သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဗရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံမှာ တရက်ပဲနေပြီး အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို လာရောက်မယ့် ကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်အစိုးရရဲ့ ရုပ်သံမှာ မစ္စတာ ဂမ်ဘာရီနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးတို့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ ပြောကြားပေမဲ့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

ကုသလမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မစ္စတာ ဂမ်ဘာရီတို့ဟာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ဖောက်ဖျက်မှုနဲ့ ရုံးတင် တရားစွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် စစ်အစိုးရကို ကြိုးစား တိုက်တွန်းနေပါတယ်။ အခု မစ္စတာ ဂမ်ဘာရီရဲ့ ၈ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တနင်္လာနေ့ ဂျပန်နိုင်ငံကို မထွက်ခွာခင်မှာ မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အကြောင်း တင်ပြချက်တွေကို လက်ခံနားထောင်ဖို့ မစ္စတာ ဂမ်ဘာရီနဲ့ တွေ့ဆုံမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ မစ်ရှဲလ်မွန်းတပ်စ် က ကုလသမဂ္ဂ ရုံးချုပ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG