သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု သက်သေအယူခံဝင်မှု ဗဟိုတရားရုံးချုပ် ပယ်ချ


ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတဲ့ အမှုမှာ ထွက်ဆိုခွင့်ပြုဖို့ အမည်တင်သွင်းထားတဲ့ သက်သေ ၄ ယောက်အနက် ပယ်ချခံခဲ့ရတဲ့ သက်သေ ၂ ယောက်နဲ့ ပတ်သက်လို့ ပြန်ပြီးလက်ခံဖို့ အယူခံလွှာ တင်သွင်း လျှောက်ထားခဲ့တာကို တရားရုံးချုပ်က ကြားနာခဲ့ပြီးတဲ့နောက် ဒီကနေ့ ထပ်မံပယ်ချလိုက်ပါတယ်။ အောက်ရုံးအဆင့်ဆင့်က ပယ်ချခဲ့ပြီးတဲ့နောက် အခုနောက်ဆုံးမှာတော့ တရားရုံးချုပ်ကပါ ပယ်ချလိုက်တာပါ။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမှုကို နဂိုလက်ခံ စစ်ဆေးနေတဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးနဲ့ အထက်အဆင့် ရန်ကုန်တိုင်း တရားရုံးတို့က ပယ်ချထားခဲ့တာကို ဗဟိုတရားရုံးက အတည်ပြုပေးလိုက်တဲ့အတွက် သက်သေ ၂ ယောက်ကို ထပ်လက်ခံရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အယူခံလွှာ တင်သွင်း ကြိုးပမ်းခဲ့တာ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မတွေ့ရသေးပေမယ့် အတည်ပြုနိုင်ပါပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဆုံးဖြတ်ချက်ကို ဖတ်လို့မရသေးဘူး။ တရားသူကြီးက သက်ဆိုင်ရာ အမှုကိုင်ဌာနကို အမှုတွဲ ပြန်မချဘူး။ ပြန်မချတော့ ကျနော်တို့ ဖတ်လို့မရဘူး။ ပယ်တယ်ဆိုတာပဲ confirm ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့ မကျပေမယ့် နောင်တော့ ကျမှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သူတို့ဘက်ကနေ ခုခံထွက်ဆိုဖို့ စုစုပေါင်း သက်သေ ၄ ဦး တင်သွင်းခဲ့ပါတယ်။ မူလရုံးဖြစ်တဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းကိုပဲ လက်ခံခဲ့ပါတယ်။ နောက်တဆင့် ရန်ကုန်တိုင်းတရားရုံးကို အယူခံတင် လျှောက်ထားတဲ့အခါ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုး တဦးကိုပဲ လက်ခံခဲ့ပြီး ကျန် ၂ ဦးကိုတော့ ဆက်ပြီး ပယ်ချခဲ့ပါတယ်။ အခုတခါ ဗဟိုတရားရုံးကလည်း အဲဒီလို ပယ်ချထားတာကို ထပ်ပြီး အတည်ပြုပေးလိုက်တာပါ။

တရားရုံး အဆင့်ဆင့်က ပယ်ချခဲ့တဲ့ သက်သေ ၂ ဦးကတော့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်တို့ပါ။ ဦးဝင်းတင်ကတော့ ခွင့်ပြုလိမ့်မယ်လို့ နဂိုကတည်းက မျှော်လင့်မထားတဲ့အကြောင်း ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။

“သူတို့ ခွင့်ပြုရင်လည်း ဒေါ်ခင်မိုးမိုးတို့ ဦးကြည်ဝင်းတို့ပဲ လက်ခံလိမ့်မယ်လို့ ကျနော် နဂိုကတည်းက ထင်တယ်။ ကျနော့်သဘောကတော့ ဒီကိစ္စက ကျနော်က ဒေါ်စုကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ကုန်နှိုက်ရမယ်ပေါ့ဗျာ၊ ကျနော်တို့မှာ အခွင့်အရေးတွေ ရှိတယ်၊ တောင်းဆိုရမယ့် အခွင့်အရေးတွေရယ်၊ ရပိုင်ခွင့်တွေ ရှိတယ်။ အဲဒီအခွင့်အရေးတွေကို တရားရုံးချုပ်အထိ ဥပဒေကြောင်းအရ ကျနော်တို့ လိုက်ပြောတယ်၊ ဒါပဲ။ ရခြင်း မရခြင်းကတော့ သိပ်ထူးတယ်လို့ မထင်ပါဘူး။

“ကျနော်တို့ သက်သေခံလည်း ဒေါ်စုကိုတော့ ထောင်ချမှာပဲလို့ ကျနော်ကတော့ အခုထိလည်း ထင်တုန်းပဲ။ ကျနော်တို့ သက်သေမခံလည်း လွတ်စရာမရှိဘူး။ သက်သေခံလည်း လွတ်စရာမရှိဘူး။ ကျနော် အဲဒီလိုပဲ ထင်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုက သိပ်ပြီးတော့ အကြောင်းမညီညွတ်လွန်း အားကြီးမှပဲ၊ သို့မဟုတ်လည်း ကမ္ဘာတခုလုံးက ဒါ့ထက်ပိုပြီး ပြင်းထန်တဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ တောင်းဆိုမှုတွေ များလာရင်တော့ မသိဘူး။ သာမန်အားဖြင့်တော့ သူတို့က ဒေါ်စုကို လွှတ်ပေးဖို့ ဆန္ဒမရှိဘူး။ လွှတ်ချင်မှဖြင့် နဂိုကတည်းက ဒီကိစ္စ ဘယ်လုပ်မလဲဗျာ၊ ကျနော့်အထင်ပေါ့လေ။”

အခုဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့လည်း မညီညွတ်၊ တရားမျှတမှုလည်း မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီဘူး၊ အောက်ရုံးတွေလုပ်တာ။ ကျနော်တို့ Revision ကို အတည်ပြုတဲ့အတွက် ဥပဒေနဲ့ မညီဘူး။ တရားမျှတမှု မရှိဘူးဆိုတာက ကျနော်တို့ သက်သေ ၄ ယောက်ပဲတင်တယ်။ အဲဒီမှာ မူလရုံးက တယောက်၊ တိုင်းရုံးက တယောက်ပဲ ခွင့်ပြုတယ်။ တရားလိုဘက်က သက်သေ ၁၅ ယောက် စစ်ခဲ့ပါတယ်။ အဲတော့ ကျနော်တို့မှာ မျှတစွာ ဆောင်ရွက်သွားတယ်ဆိုတဲ့ အခြေအနေမျိုး မတွေ့ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

နဂိုစစ်ဆေးနေတဲ့ အမှုကိုတော့ ဇူလိုင်လ ၃ ရက်နေ့မှာ ဆက်ပြီးစစ်ဆေးဖို့ ခရိုင်တရားရုံးက ရုံးချိန်းပေးထားပါတယ်။ အဲဒီနေ့မှာ လက်ခံထားပြီးသား သက်သေတဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးရဲ့ ထွက်ချက်ကို ကြားနာမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယမ် ယက်ထော (John William Yettaw) က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို သူ့သဘောနဲ့သူ ရေကူးဝင်ရောက်လာခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တယ်၊ ဒါဟာ ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် တားဆီးကန့်သတ်မိန့်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ စွပ်စွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူနဲ့အတူနေသူ အမျိုးသမီး ၂ ဦးကိုပါ မြန်မာအာဏာပိုင်တွေက ရုံးတင်စစ်ဆေးနေတာပါ။ ဒီလိုစွပ်စွဲခဲ့တဲ့အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်ခါနီး အချိန်လေးမှာတင် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရာကနေ လွှတ်မပေးချင်တဲ့အတွက် တမင် ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်လို့ ပြည်တွင်းပြည်ပမှာ ဝေဖန်ပြောဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့မှာ လုံး၀ အပြစ်မရှိတဲ့အကြောင်းနဲ့ ဒီအမှုဟာ နိုင်ငံရေး ရည်ရွယ်ချက် သက်သက်နဲ့ လုပ်ဆောင်တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့အတွက် အစိုးရခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) စတဲ့ အဖွဲ့အစည်း အသီးသီးကပါ တညီတညွတ်တည်း တောင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ခုချိန်ထိတော့ မြန်မာအာဏာပိုင်တွေဘက်ကနေ ပြန်လွှတ်ပေးမယ့် အရိပ်လက္ခဏာ မပြသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG