သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ ရွေးကောက်ပွဲ မဲ ၁၀% ပြန်လည်ရေတွက်မှု စတင်


အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲ ရလဒ်ကို ပြန်လည်စစ်ဆေးဖို့ စီစဉ်နေပြီလို့ အီရန် သတင်းမီဒီယာတွေက ပြောပါတယ်။ အီရန်နိုင်ငံရဲ့ သြဇာရှိတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ဥသျှောင်ကောင်စီက ဒီနေ့ပဲ မဲတွေကို ပြန်လည်စစ်ဆေးခဲ့တာမှာ အခုဆိုရင် တနိုင်ငံလုံးရဲ့ ၁၀% လောက် အကြမ်းဖျင်း ပြီးစီးသွားပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲအဖြေအရ လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) က တရားဝင် အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဥသျှောင်ကောင်စီကတော့ သူတို့အဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲမှာ ရှုံးသွားခဲ့တဲ့ ပြုပြင်ရေးဝါဒီ မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) နဲ့ တွေ့ဆုံခဲ့ပြီးပြီလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီတွေ့ဆုံမှုက ဘာမှအကျိုးမထူးပါဘူးလို့လည်း ဥသျှောင်ကောင်စီရဲ့ ပြောခွင့်ရသူ ပြောတာကို ကိုးကားပြီး အီရန်သတင်းဌာနတွေက ဖော်ပြကြပါတယ်။

မစ္စတာ မူဆာဗီကတော့ ဒီရွေးကောက်ပွဲ အဖြေကိုလည်း အသိအမှတ် မပြုဘဲ မဲအရေအတွက် ပြန်လည်စစ်ဆေးနေတာကိုလည်း ပယ်ချလိုက်ပါတယ်။

တခြားသတင်းတွေမှာတော့ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေထဲ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ဗြိတိန်သံရုံးဝန်ထမ်း အီရန်နိုင်ငံသား ၅ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ အီရန်အစိုးရက ကြေညာတာကို ဖော်ပြပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ထိန်းသိမ်းထားသူ ၉ ယောက်အနက် ၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ကျန်သူတွေကိုတော့ စစ်ဆေးမေးမြန်းနေတုန်းပဲလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG