ယီမင်လေကြောင်းလိုင်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၅၃ ဦး လိုက်ပါလာတဲ့ Air Bus လေယာဉ်တစီးဟာ ကောမောရို့စ် (Comoros) နိုင်ငံ ပင်လယ်ကမ်းခြေ အိန္ဒိယ သမုဒ္ဒရာအတွင်းမှာ ပျက်ကျသွားခဲ့ပါတယ်။
လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွင်း ခရီးသည်တွေထဲက အသက်မသေဘဲ ကျန်ရစ်သူ ကလေးငယ်တယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ၃ လောင်းကို ဆယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ ယီမင်နိုင်ငံမြို့တော် ဆာနာ (Sanaa) ကနေ Grand Comore ပင်မကျွန်းက မော်ရိုနီ (Moroni) မြို့ကို ဦးတည်ပျံသန်းစဉ် ဒီနေ့မနက် အစောပိုင်းက ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ယီမင်လေကြောင်းလိုင်း တာဝန်ခံတွေက ပြောပါတယ်။
ဘာ့ကြောင့် ပျက်ကျရသလဲဆိုတဲ့ သတင်းအသေးစိတ် အချက်အလက်ကိုတော့ ချက်ချင်း မသိရသေးပေမယ့် လေယာဉ် ကျွန်းနားကိုရောက်ခါနီး လေပြင်းတိုက်ခတ်ခဲ့တယ်လို့ ပြောကြပါတယ်။ Air Bus 310 အမျိုးအစား လေယာဉ်ကြီးပေါ်မှာ ခရီးသည် ၁၄၂ ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၁ ယောက် လိုက်ပါလာခဲ့ကြပါတယ်။
ကောမောရို့စ်နိုင်ငံဟာ မာဒါကာစကာကျွန်းရဲ့ အနောက်မြောက်ဘက် မိုင် ၂၀၀ အကွာက မိုဇမ်ဘစ် ရေလက်ကြားက ကျွန်း ၃ ကျွန်းပေါ်မှာ တည်ရှိပါတယ်။ အဲဒီလေယာဉ် ပျက်ကျရာမှာ ပြင်သစ်နိုင်ငံသား ခရီးသည် ၆၆ ယောက် ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့အတွက် ပြင်သစ်နိုင်ငံက စစ်လေယာဉ် ၂ စီးကို စေလွှတ်ထားပြီး ဖြစ်တယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဘဲနာ့ဒ် ကုရှနဲ (Bernard Kouchner) က ပြောဆိုလိုက်ပါတယ်။