ဒုံးလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ သံလိုက်တိုင်းတာရေး ကိရိယာတခု မြန်မာနိုင်ငံကို တင်ပို့ဖို့ ကြံစည်နေတယ်လို့ မသင်္ကာရသူ ၃ ဦးကို ဂျပန် နိုင်ငံခြား ငွေလဲလှယ်ရေးနဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်သူ မြောက်ကိုရီးယား နိုင်ငံသား အသက် ၄၁ နှစ်အရွယ် ရီကျွန်ဟို (Ri Kyong Ho)၊ ဂျပန်နိုင်ငံသား ကုမ္ပဏီပိုင်ရှင် ယာဆုဟီကို မူတို (Yasuhiko Muto) နဲ့ စက်မှုလုပ်ငန်းရှင် မိယကိ ကတ်ဆုကိ (Miaki Katsuki) တို့ ၃ ယောက်ဟာ သံလိုက်တိုင်းတာရေး ကိရိယာတခု မြန်မာနိုင်ငံကို တင်ပို့ဖို့ ကြံစည်နေကြကြောင်း၊ မြောက်ကိုရီးယား အစိုးရနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ မြောက်ကိုရီးယား ကုမ္ပဏီကနေ အဲဒီကိရိယာကို မလေးရှားကတဆင့် မြန်မာနိုင်ငံကို တင်ပို့ဖို့ ကြိုးပမ်းနေတာလို့ ဂျပန်ရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာ့အရေး စောင့်ကြည့်သူတွေကတော့ ဒုံးလက်နက် ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတချို့ကို မြန်မာနိုင်ငံကတဆင့် မြောက်ကိုရီးယားကို တင်ပို့တာ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆကြပါတယ်။
မြောက်ကိုရီးယားရဲ့ တားမြစ်ပစ္စည်းတွေ လျှို့ဝှက်ကုန်သွယ်ရေးနဲ့ မစ်ဆိုင်း (Missile) ဒုံးလက်နက် နည်းပညာ ဖြန့်ဖြူးတဲ့ အလေ့အထကို နိုင်ငံတကာ အသိုင်းအဝန်းက မျက်ခြည်မပြတ် စောင့်ကြည့်တဲ့အချိန်နဲ့ ဒီဖမ်းဆီးမှုက တိုက်ဆိုင်နေပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂက တားမြစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားပိုင် ကမ်နမ် ၁ (Kang Nam 1) ကုန်တင်သင်္ဘောဟာ စင်ကာပူကတဆင့် မြန်မာနိုင်ငံကို ဦးတည်လာနေတယ်ဆိုတဲ့ သတင်းအရ အမေရိကန် ရေတပ်ဖျက်သင်္ဘော Destroyer MSS John McCain ကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားပိုင် ကမ်နမ် ၁ ကုန်တင်သင်္ဘော မြန်မာနိုင်ငံကို လာရောက်ဖို့ မရှိဘူးလို့ စစ်အစိုးရ သတင်းစာမှာ အရင်သီတင်းပတ်အတွင်းက ဖော်ပြခဲ့ပါတယ်။