မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာစစ်အစိုးရကို ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကိုမသွားခင် ဂျပန်နိုင်ငံကို သွားရောက်တဲ့ ဇွန်လ ၃၀ ရက်နေ့က ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Hirofumi Nakasone နဲ့ တွေ့ဆုံပြီးတဲ့နောက် အခုလို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားတာပါ။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ဇူလိုင်လ ၃ ရက်နေ့ဟာ မြန်မာစစ်အစိုးရက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ အင်းစိန်ထောင်တွင်း တရားရုံးမှာ ပြန်လည် ကြားနာဘို့ သတ်မှတ်ထားတဲ့နေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ပြီးခဲ့တဲ့နှစ် မေလ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒဏ်ခံရပြီးတဲ့ အချိန်ကတည်း မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ကိုတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေးအတွက် သက်သက်သွားရောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောဆိုခဲ့ပါတယ်။
"ဒီခရီးစဉ်အတွင်းမှာ မြန်မာစစ်အစိုးရ အဆင့်အမြင့်ဆုံး အာဏာပိုင်တွေကို တွေ့ဆုံပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသဂ္ဂရဲ့ စိုးရိမ်ပူပင်မှုတွေနဲ့ ပတ်သက်လို့ အပြင်းထန်ဆုံး ဖြစ်နိုင်ခြေ ကျနော် အကြောင်းကြားသွားမှာပါ။
ကျနော်ပြောခဲ့သလိုပါပဲ မြန်မာပြည်ရဲ့ အနာဂတ်အတွက် လက်ရှိ နိုင်ငံရေး အလှည့်အပြောင်း ကာလမှာ အရေးကြီးတဲ့ အချက် သုံးချက်ကို ချန်ထားလို့မရပါဘူး။ ပထမက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်။ နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဘို့နဲ့ တတိယကတော့ ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများလက်ခံ ယုံကြည်ပြီး နည်းမှန်လမ်းမှန် အနေအထားမှာ ကျင်းပနိုင်အောင် ဖန်တီးနိုင်ဖို့ပါ။"