သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယနိုင်ငံ အခြေချ မြန်မာဒုက္ခသည် ၅၀,၀၀၀ ပြည့်


အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာနိုင်ငံကို စွန့်ခွာပြီး အိမ်နီးချင်း နိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ထောင်သောင်းပေါင်း များစွာထဲက တယောက်ပြီးတယောက်၊ တစုပြီးတစု တတိယနိုင်ငံတွေကို ကုလသမဂ္ဂ အစီအစဉ်နဲ့ ထွက်လာခဲ့ကြတာ မနေ့ကဆိုရင် အယောက် ၅၀,၀၀၀ တိတိ ရှိသွားပါပြီ။ ဒါဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချထားရေး အစီအစဉ်ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ UNHCR ဌာနချုပ် ရုံးစိုက်ရာ ဂျီနီဗာမြို့က ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) ပေးပို့ထားတဲ့သတင်းကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေထိုင်ကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ၂၀၀၄ ခုနှစ် လောက်ကစလို့ တတိယနိုင်ငံကို အခြေချဖို့ အစီအစဉ် စတင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၅ ခုနှစ် အစောပိုင်းမှာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံက ဒုက္ခသည် အစုလိုက်အပြုံလိုက် လက်ခံဖို့ ဆုံးဖြတ်လိုက်တာမို့ တတိယနိုင်ငံကို အခြေချတဲ့ ဒုက္ခသည် အရေအတွက် တိုးမြှင့်ခဲ့တာလို့ UNHCR က ပြောပါတယ်။

UNHCR ရဲ့ ပြောခွင့်ရသူ မစ္စတာ ဝီလီယံ စပင်ဒ်လာ (Mr. William Spindler) က မနေ့က အယောက် ၅၀,၀၀၀ မြောက်သော ပလူရယ် ခေါ် မြန်မာနိုင်ငံက ဒုက္ခသည်တဦး တတိယနိုင်ငံကို ထွက်ခွာခဲ့တာမို့ ဒါဟာ မှတ်တိုင်သစ်တရပ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပလူရယ်နဲ့ သူ့မိသားစုဟာ အမေရိကန်နိုင်ငံကို သွားရောက်အခြေချကြမှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့ အယောက် ၅၀,၀၀၀ မြောက် ဒုက္ခသည်ကတော့ ကရင်နီလူမျိုး ကျောင်းဆရာတဦးပါ။ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးက ဘန့်မိုင်နန်းဆွယ် (Ban Mai Nai Soi) ကရင်နီဒုက္ခသည်စခန်းထဲက မူလတန်းကျောင်း တကျောင်းမှာ ကျန်းမာရေးနဲ့ လူမှုရေးဘာသာကို ၁၉၉၆ ခုနှစ်ကတည်းက သင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ဇနီး၊ ၂ နှစ်အရွယ် သမီးလေးတဦးနဲ့အတူ ဘန်ကောက်မြို့ကနေ ဒီမနက်ပဲ ထွက်သွားပါတယ်။ အမေရိကန်နိုင်ငံ နယူးဂျာစီ (New Jersey) ပြည်နယ်က ကမ်ဒန် (Camden) မှာ ဘဝသစ်ကို စဖို့အတွက် ၂၈ နာရီလောက် လေယာဉ်ခရီးကို စတင်ခဲ့တာပါ။ သူတို့အတွက် ပထမဦးဆုံးအကြိမ် လေယာဉ်စီးဖူးတာလည်း ဖြစ်ပါတယ်။”

ပလူရယ်ဟာ သူ့သမီးလေးရဲ့ အနာဂတ်ပညာရေးအပြင် သူနဲ့ သူ့ဇနီးအနေနဲ့လည်း ရှေ့ဆက် ပညာတွေ ဆည်းပူးနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း မစ္စတာစပင်ဒ်လာက ပြောပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေ အပါအဝင် ကမ္ဘာတဝန်းက ဒုက္ခသည်တွေဟာ တနေ့ကျရင် သူတို့ရဲ့ အမိနိုင်ငံကို ပြန်ဖို့ စိတ်ဆန္ဒ ပြင်းပြကြပေမယ့် လက်တွေ့မှာ တကယ်ဖြစ်နိုင်ဖို့ မလွယ်တာကို တွေ့ရတယ်လို့ UNHCR က ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကနေ အခက်အခဲ အမျိုးမျိုးကြောင့် စွန့်ခွာပြီး ဒုက္ခသည်ဖြစ်လာသူတွေ အတွက်ကလည်း သူတို့ရဲ့ အနာဂတ်အတွက် တခြားရွေးစရာလမ်းက သိပ်မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ထွက်လာခဲ့တဲ့ ဒုက္ခသည်အများစုဟာ ဒုက္ခသည်စခန်းထဲမှာပဲ အနှစ် ၂၀ လောက်ကြာအောင် နေလာခဲ့ကြပြီး အမိမြေကို ပြန်နိုင်ဖို့ အခွင့်အလမ်းကလည်း ကမ်းမမြင် လမ်းမမြင် ဖြစ်နေတာပါ။ ထိုင်းနိုင်ငံမှာ အမြဲတမ်း အခြေချဖို့ အခွင့်အရေးကလည်း သူတို့ဆီမှာ မရှိပါဘူး။ ဒါကြောင့် တတိယနိုင်ငံကို အခြေချတာကပဲ အကောင်းဆုံး ရွေးချယ်စရာလမ်းတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဖင်လန်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွီဒင်နဲ့ နော်ဝေး စတဲ့ ကမ္ဘာ့စက်မှုအင်အားကြီး ၁၁ နိုင်ငံက သူတို့နိုင်ငံမှာ အမြဲတမ်း အခြေချဖို့ လက်ခံခဲ့ကြတာပါ။

အဲဒီနိုင်ငံတွေထဲမှာမှ အမေရိကန်ကို ရောက်သွားကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် အရေအတွက်က အများဆုံးဖြစ်ပါတယ်။ ခုချိန်ထိ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်း ၃၆,၀၀၀ လောက် အခြေချပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ခုလို မြန်မာနိုင်ငံက ဒုက္ခသည်တွေ တတိယနိုင်ငံမှာ ဆက်တိုက်ဆိုသလို အခြေချနေပေမယ့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည်ပေါင်း ၁၁၂,၀၀၀ လောက် ကျန်နေသေးတာ ဖြစ်ပါတယ်။ လာမယ့်နှစ်အတွင်းမှာ နောက်ထပ် ဒုက္ခသည် ၆,၀၀၀ ကနေ ၇,၀၀၀ လောက်ကို တတိယနိုင်ငံကို အခြေချဖို့ အစီအစဉ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG