သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသဘောၤ နောက်ပြန်လှည့်ပုံရ


စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သံသယရှိနေပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယုံကြည် ရတဲ့ မြောက်ကိုရီးယားနိုင်ငံက ကုန်တင်သင်္ဘောတစီးဟာ အခုတော့ နေရပ်လှည့်ပြန်နေပုံ ရနေပါတယ်။ အမေရိကန် ရေတပ်သင်္ဘောတစီးကလည်း နောက်ယောင်ခံလိုက်နေတဲ့ ဒီသင်္ဘောရဲ့ခရီးစဉ်ဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ က ချမှတ်ထားတဲ့ လက်နက်တင်ပို့မှုဆိုင်ရာ တားမြစ်ချက်ကို စိမ်ခေါ်မှုတခုဖြစ်လေမလားဆိုပြီးတော့လည်း အကဲခတ်တွေ က တွက်ဆမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ဗွီအိုအေ သတင်းထောက် Kurt Achin ရဲ့သတင်းပေးပို့ချက်နဲ့အတူ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေး အခြေအနေတွေကို အကဲခတ် တွေ ဘယ်လို ရှုမြင်ကြတယ်ဆိုတာကို ဦးအောင်လွင်ဦးက တင်ပြထားပါတယ်။

သံသယဖြစ်စရာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယုံကြည်နေကြတဲ့ ကမ်နမ် အမည်ရှိတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း အရှေ့တောင်အာရှ ပင်လယ်ပြင်မှာ တပတ်လောက် ခရီးဆက်နေရာက အခုဆိုရင် လမ်းကြောင်း ပြောင်း သွားပြီး ရှေ့ခရီးဆက်မယ့်ပုံ မရှိတော့ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြပါတယ်။ အမေရိကန် စစ်သင်္ဘော တစင်းဖြစ်တဲ့ USS John S McCain က ထပ်ချပ်မကွာ လိုက်နေတဲ့ ဒီသင်္ဘောဟာ လက်နက်တွေ တင်ဆောင်ပြီး မြန်မာ နိုင်ငံဘက်ကို ဦးတည်သွားနေတာလို့ အများက ယုံကြည်နေကြတာပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အရ တားမြစ်ထားတဲ့ ပစ္စည်းတွေကို သယ်ဆောင်လာတယ်လို့ ယူဆနေတဲ့ ဒီသင်္ဘောဟာ မနေ့တုန်းကတော့ ဟောင်ကောင်ရဲ့ တောင်ဘက် မိုင် ၂၅၀ အကွာလောက်ကနေ မြောက်ဘက်ကို ဦးတည် မောင်းနှင် နေခဲ့တယ်လို့လည်း အမေရိကန် တာဝန် ရှိသူတွေက ပြောခဲ့ကြတာပါ။ အစောပိုင်းမှာတုန်းကတော့ လမ်းခရီး စင်္ကာပူနိုင်ငံမှာ ဆီပြန်ဖြည့်လိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာမို့၊ ဒီလို ဆိုက်ကပ်ရပ်နားမယ် ဆိုရင်တော့ စင်္ကာပူနိုင်ငံက ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်း သင့်တော်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်မယ် ဆိုပြီးတော့လည်း တရားဝင်ပြောထားတာပါ။ ဒီလို အခြေအနေ တွေကြောင့် မြောက်ကိုရီးယား သင်္ဘောခရီးစဉ် အပြောင်းအလဲတွေ ဖြစ်ခဲ့ရတာလို့ ဆိုးလ်မြို့တော်က အာရှမဟာဗျူဟာ တက္ကသိုလ်က အကဲခတ်တဦးဖြစ်တဲ့ ပတ်ခ် ဆွန်ဂျေး Park Seung-jae ကတော့ ယူဆပါတယ်။

“သူတို့အနေနဲ့ စင်္ကာပူကို ဖြတ်မယ်ဆိုရင်၊ စင်္ကာပူနိုင်ငံက စစ်ဆေးတာတွေ လုပ်မယ့်ကိစ္စကို လျစ်လျူရှုထားလို့ မရပါဘူး။ နောက်တခုကတော့ လက်နက်တွေ၊ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေကိုပဲဖြစ်ဖြစ် ပင်လယ်ထဲ ပစ်ချထားခဲ့ဖို့ ဆိုတာဟာ လည်း သိပ်တော့လွယ်မယ့် ကိစ္စမဟုတ်ပါဘူး။”

မြောက်ကိုရီးယားသင်္ဘောသာ နောက်ကြောင်းပြန်လှည့်သွားတာ ဖြစ်မယ်ဆိုရင်တော့ ဒါဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ သဘောမျိုး ဖြစ်လိမ့် မယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ဆက်ပြီး စောင့် ကြည့်သွားဖို့လိုတယ်၊ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံတွေက မြောက်ကိုရီးယား သင်္ဘောတွေကို စောင့်ကြည့် ရမယ့် ကိစ္စဟာ ဦးစားပေး လုပ်ရမယ့် ကိစ္စ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံ အမတ်ကြီး ဆူဇန် ရိုက်စ် ကတော့ အမေရိကန် ပြည်ထောင်စုက မျက်ခြေမပြတ် စောင့်ကြည့်နေဆဲ ဖြစ်တဲ့ အကြောင်း CBS ရုပ်မြင်သံကြားရဲ့ Face the Nation အစီအစဉ်မှာ တနင်္ဂနွေနေ့ကပဲ ပြောထားတာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာက အရေးယူဆောင်ရွက်မှုတွေ ဆက် လုပ်သွားဖို့လည်း သံအမတ်ကြီး ရိုက်စ် က ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ အမေရိကန်နိုင်ငံက မြောက်ကိုရီးယား အပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို အကောင်အထည် ဖော်ဖို့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ ဘိုလီဗီယားနိုင်ငံ သံအမတ်ကြီးဟောင်း ဦးဆောင်ပြီး အဖွဲ့ တဖွဲ့ကို ဖွဲ့စည်းခဲ့ပါသေးတယ်။ မရှေးမနှောင်းဆိုသလို မနေ့တုန်းကတော့ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ပျံ့ပွားမှုနဲ့ ဆက်နွယ်ပြီးတော့ နမ်ချောင်ဂမ် ထရိုက်ဒင်း ကော်ပိုရေးရှင်း နဲ့ အီရန်နိုင်ငံ အခြေစိုက်ထားတဲ့ ဟောင်ကောင် အီလက်ထရောနစ် ကုမ္ပဏီတွေကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူဖို့ အမိန့်တရပ်လည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီအထဲက နမ်ချောင်ဂမ် ကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့မှုတွေနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုပြီး အမေရိကန် အရာရှိတွေက ပြောခဲ့တာပါ။ ဒီလို နိုင်ငံတကာက အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနဲ့ မကြာသေးခင် နှစ်တွေကစလို့ ဆက်ဆံမှုတွေ တိုးမြှင့် လုပ်ဆောင် လာနေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေနဲ့ ရင်ဆိုင်ရစရာ ရှိနေတာပါ။ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပထမဆုံး တာဝန်ပေးအပ်ခံခဲ့ရဘူးသူ မြန်မာသံတမန်ဟောင်းဖြစ်တဲ့ သခင်ချန်ထွန်းရဲ့ အမြင်ကတော့

“မြန်မာနိုင်ငံ အနေနဲ့ကတော့ နိုင်ငံငယ် တခု ဖြစ်တယ်လေ။ အမှန်ကတော့ သိပ်ပြီးတော့ မြောက်ကိုးရီးယားဆိုတာက လက်နက်လည်း ထုတ်၊ အနုမြူဗုံးလည်း ထုတ်ဆိုတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပါမှ ဆုံးဖြတ်ချက်တွေပါ ချထား ပြီးတော့ တရုတ်တို့၊ ရုရှားတို့က သဘောတူပြီးတော့ ရုရှားကဆို တော်တော်လေး ပြင်းပြင်းထန်ထန် ပြောတာတွေ ရှိလာ တယ်လေ။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ ဝါဒအတိုင်း၊ သူ့ရဲ့ အမြင်အတိုင်းပဲ သူကတော့ တစွတ်ထိုး ဆက်လုပ်မှာပဲ။ အဲဒီလို ဆက်လုပ်မယ်ဆိုရင်တော့ မြန်မာက အဲဒီလို ဆက်လုပ်တဲ့ တဇွတ်ထိုးလုပ်တတ်တဲ့ မိတ်ဆွေနိုင်ငံနဲ့ ရင်းနှီးအောင် ဆိုပြီး တော့ လုပ်ရင် တနေ့ကျတော့ ကိုယ် အန္တရာယ် ပေါ်နိုင်တယ်။ အမေရိကန် ဆန့်ကျင်တာနဲ့ ကိုယ်က ပေါင်းတယ်ဆိုတဲ့ သဘောဆိုရင်တော့ ဒါဟာ အင်မတန် သေးနုတ်တဲ့ အယူအဆလို့ ဆိုနိုင်ပါတယ်။ အရှည်ကို ကြည့်ရမယ်။ ဘာပဲဖြစ်ဖြစ်။ ”

ဒါဟာဆိုရင် ပြီးခဲ့တဲ့ လဆန်းပိုင်းမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချမှတ် အပြီး ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ဖြစ်ရပ်ပါ။ ဒီဆုံးဖြတ်ချက်ထဲမှာတော့ မြောက်ကိုးရီးယား နျူကလီးယား လက်နက် အစီအစဉ်၊ ဒုံးကျည်လက်နက် အစီအစဉ်တွေ မလုပ်နိုင်အောင် မြောက်ကိုရီးယား သဘောၤတွေကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ဝင်ရောက် ရှာဖွေ စစ်ဆေးနိုင်တယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းထားတာပါ။ ဒါပေမဲ့ ဒီလို စစ်ဆေးဖို့ကို မြောက်ကိုရီးယားနိုင်ငံက ခွင့်ပြုရမှာဖြစ်သလို၊ ဒါမှမဟုတ်ရင်လည်း သင်္ဘောဆိုက်ကပ်တဲ့ အိမ်ရှင်နိုင်ငံတွေကသာ စစ်ဆေး မှုတွေ လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျွန်မက်ကိန်း ကတော့ ဒီ သင်္ဘော ကို ကြားဖြတ်ဟန့်တားပြီး တက်ရောက်စစ်ဆေးဖို့ တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလိုလုပ်လာမယ်ဆိုရင် ဒါဟာ စစ်ကြေညာတာလို့ သဘောထားမယ့်အကြောင်း မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာတွေက တုံ့ပြန်ဖော်ပြနေကြပါ တယ်။ အခုနောက်ဆုံး ဆိုရင်လည်း မြောက်ကိုရီးယား သတင်းစာတွေက စစ်ရေးဆောင်ရွက်ချက်တွေ ဖြစ်လာရင် ဂျပန် နိုင်ငံရဲ့ တာဝန်ဖြစ်လိမ့်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုမှုတွေ ရှိခဲ့ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG