သုံးရလွယ်ကူစေသည့် Link များ

ဘန်ကီမွန်းခရီးစဉ် စစ်အစိုးရ အသုံးချနိုင်


မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲ တရားဝင်မှုရဖို့ နိုင်ငံတကာ ထောက်ခံမှုရဖို့ အသုံးချသွားနိုင်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ ဒီအတွက် အတွင်းရေးမှုးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံမှာ တကယ်တမ်း ပြုပြင် ပြောင်းလဲမှု တွေ ဖြစ်လာစေဖို့ တိုက်တွန်း ပြောဆိုသင့်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ ရဲ့ ကြေညာချက်ထဲမှာ ဒီအဖွဲ့ရဲ့ ညွန်ကြားရေးမှုး Kenneth Roth က ပြောထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ နိုင်ငံရေး အတိုက်အခံတွေအကြား စေ့စပ်ညှိုနှိုင်းပေးနေတဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေဟာ ဘာမှ ရလဒ်မထွက်ခဲ့ဘူး။ အောင်မြင်မှုမရှိခဲ့ဘူးလို့လည်း Human Rights Watch က ပြောပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အချိန်ဆွဲနေတာတွေ လှည့်စားနေတာတွေ ရပ်တံ့ဖို့ အချိန်တန်ပြီလို့လည်း ဒီအဖွဲ့က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အထီးကျန်ဖြစ်နေတာကို အဆုံးသတ်ဖို့ မစ္စတာ ဘန် အနေနဲ့ နိုင်ငံရေး လမ်းပြမြေပုံ တခု ကမ်းလှမ်းထားတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟာ အခု ဂျပန်ရောက်နေပြီး သောကြာနေ့မှာတော့ မြန်မာနိုင်ငံကို ရောက်ရှိမှာပါ။ အတွင်းရေးမှုးချုပ်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆို ထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစိုးရနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စဖို့နဲ့ လာမယ့်၂၀၁၀ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်နိုင်တဲ့ အခြေအနေကောင်းတွေ ဖန်တီးဖို့အတွက် အတွင်းရေးမှုးချုပ်အနေနဲ့ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု နဲ့ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိုလည်း အဲဒီသောကြာနေ့မှာ ရုံးချိန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG