သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက တာတိုပစ် ဒုံးလက်နက် စမ်းသပ်


မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးပျံ ၃ စင်းကို ပစ်လွှတ်စမ်းသပ်လိုက်တယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းက ဝန်ဆန်းမြို့အနီးမှာ မြေပြင်က ရေပြင်ပစ် ဒုံးပျံ ၂ စင်းကို မိနစ် ၄၀ အတွင်း ပစ်လွှတ်လိုက်တာလို့ တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်တာပါ။

အဲဒီနောက် နာရီအနည်းငယ် အကြာမှာ နောက်ထပ် ဒုံးပျံတစင်းကို ပစ်လွှတ်လိုက်တယ်လို့လည်း ဆိုပါတယ်။ ဒါဟာဆိုရင် မြောက်ကိုရီးယားနိုင်ငံက မေလ ၂၅ ရက်နေ့က နျူကလီးယား စမ်းသပ်မှုနဲ့ ဆက်တိုက်ဆိုသလို စမ်းသပ်မှုတွေ လုပ်နေတဲ့ ဒုံးပျံပစ်လွှတ်မှုတွေနဲ့ ပတ်သက်လို့ ကိုရီယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ထွက်ပေါ်လာနေတဲ့ အထဲက နောက်ဆုံးအဖြစ်အပျက်ပါ။ ဒီလို နျူကလီးယား စမ်းသပ်မှုနဲ့ ဒုံးပျံပစ်လွှတ်မှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကိုလည်း ချမှတ်ထားတာပါ။

တောင်ကိုရီးယား သတင်းစာတစောင်ဖြစ်တဲ့ ဂျွန် အန်ဂ် အီလ်ဘိုးကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ကမ်းရိုးတန်းတလျှောက် စစ်စခန်းတွေကနေ နောက်ထပ် တာတိုနဲ့ တာလတ်ပစ် ဒုံးပျံတွေကို ပစ်လွှတ်ဖွယ်ရာ ရှိနေသေးတယ်လို့လည်း ဒီကနေ့ပဲ ဖော်ပြထားတာပါ။ ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ကမ်းရိုးတန်းဒေသတချို့မှာ စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတာကြောင့် အဲဒီဒေသက သင်္ဘောတွေကို ရှောင်ရှားကြဖို့ သတိပေးချက်တရပ်လည်း ထုတ်ပြန်ထားတာပါ။

ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံထဲက တောင်ကိုရီးယားနိုင်ငံက အကူအညီပေးနေတဲ့ စက်မှုဇုန်နယ်မြေကိစ္စနဲ့ ပတ်သက်လို့ ၂ နိုင်ငံကြား နောက်ဆုံးအကြိမ် ဆွေးနွေးမှုတွေဟာ သဘောတူညီချက် တစုံတရာမရဘဲ အဆုံးသတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG