သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တွေအပေါ် အမေရိကန် ထိုးစစ်သစ် စတင်


အာဖဂန်နစ္စတန် တောင်ပိုင်းက တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အပိုင်းတွေမှာ အာဖဂန်နစ္စတန်ရှိ အမေရိကန် စစ်တပ်က အဓိကထိုးစစ်တရပ်ကို မနေ့တုန်းက စပြီး ဆင်နွှဲခဲ့ပါတယ်။ တိုးများလာခဲ့တဲ့ တာလီဘန် သူပုန်တွေကို နှိမ်နင်းဖို့အတွက် အမေရိကန်သမ္မတ အိုဘားမား (Barack Obama) လက်ထက် ချမှတ်လိုက်တဲ့ မဟာဗျူဟာအောက်မှာ ပထမဆုံး အဲဒီလို အဓိကထိုးစစ်တရပ်ကို ဆင်နွှဲခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အစ္စလမ္မာဘတ်မြို့ကနေ ဗွီအိုအေသတင်းထောက် ကက်သရင်း မက်ဒ်ဒပ်က်စ် (Catherine Maddux) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ကြာသပတေးနေ့ မနက်ခင်းကြီး အမှောင်အောက်မှာ အမေရိကန် မရိမ်းစစ်သားတွေ၊ အာဖဂန်နစ္စတန် စစ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေဟာ ဟယ်လ်မန်ပြည်နယ်တောင်ပိုင်း အတွင်းကျကျထဲအထိ ဝင်ရောက်ခဲ့ကြပါတယ်။ ဒါဟာ ခန်ဂျာ စစ်ဆင်ရေးအစ ဖြစ်ပါတယ်။ စစ်ဆင်ရေးနာမည်က ဓားခုတ်ချက်လို့ အဓိပ္ပာယ် ရပါတယ်။ တပ်ကြပ်ကြီး ချားလ်စ် မာ့ရှ် (Charles Marsh) ဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူပါ။

“အမေရိကန်နဲ့ အာဖဂန်နစ္စတန် ပူးတွဲစစ်ဆင်ရေး ရည်မှန်းချက်က ဟယ်လ်မန်မြစ်ဝှမ်းဒေသက လူနေထူထပ်တဲ့ အရပ်တွေမှာ လုံခြုံရေး ရှိလာဖို့နဲ့ ဒေသခံ ပြည်သူတွေနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကြား အဆက်အသွယ်ရှိလာဖို့ ဖြစ်ပါတယ်။ သြဂုတ်လမှာ တနိုင်ငံလုံး ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ တည်ငြိမ်လုံခြုံ စိတ်ချရတဲ့ အခြေအနေတွေ ထူထောင်ဖို့ဖြစ်သလို အနာဂတ်မှာ လုံခြုံရေး ပိုရှိလာဖို့လည်း ဖြစ်ပါတယ်။”

အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ စစ်ရေးမဟာဗျူဟာ အသစ်ကို သမ္မတ ဘရက်ခ် အိုဘားမားက ချပြခဲ့ပြီးတဲ့နောက် ဒီစစ်ဆင်ရေးဟာ ပထမဆုံး အဓိကကျတဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကို အသစ်ရောက်လာခါစ အမေရိကန်စစ်သား ၄,၀၀၀ လောက်နဲ့ အာဖဂန်နစ္စတန် စစ်သား ၆၅၀ တို့ ပါဝင်ကြပါတယ်။ သူတို့ဟာ လေကြောင်းကရော၊ ကုန်းကြောင်းကပါ ဟယ်လ်မန်ပြည်နယ်ထဲ ဝင်ရောက်ခဲ့ကြပါတယ်။ ပြည်နယ်ထဲကနေ စစ်သွေးကြွတွေကို နှင်ထုတ်ပစ်ဖို့ ဗြိတိသျှတပ်သား ၅၀၀ လောက်လည်း အရင်အပတ်တုန်းက စစ်ဆင်ရေးတရပ်ကို ဦးဆောင်ခဲ့ပါသေးတယ်။ ဒီပြည်နယ်က တာလီဘန်တွေ အားကောင်းတဲ့နယ်ပါ။ အာဖဂန်မှာ ဘိန်းကို ထိပ်ဆုံးက ထုတ်နေတဲ့ ဒေသပါ။

ဟယ်လ်မန်ပြည်နယ်မှာ သူပုန်ရှင်းသွားခဲ့ရင် အာဖဂန်နစ္စတန် တပ်ဖွဲ့တွေက လွှဲပြောင်း တာဝန်ယူလိမ့်မယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဂျောရစ် ကမ်မင်ဂါ (Jorrit Kamminga) ဟာ International Council on Security and Development အဖွဲ့မှာ အကြီးတန်း မူဝါဒရေးရာ ပိုင်းခြားသုံးသပ်သူ ဖြစ်ပါတယ်။ ဟယ်လ်မန်ပြည်နယ်မှာ နယ်မြေတွေကို ထိန်းချုပ်ကိုင်တွယ်နိုင်အောင် အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေက ထပ်ခါ ထပ်ခါ ကြိုးစားခဲ့ကြပါတယ်။ ပိုမိုကြီးမားပြီး ရဲရဲတင်းတင်း အခုလို ကြိုးစားကြည့်ပြန်တာကို ကမ်မင်ဂါက သံသယရှိပါတယ်။ ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းဘဲ အောင်မြင်ပါ့မလားလို့ သူ သံသယရှိပါတယ်။

“ဒီကိစ္စက တပ်တွေကိုပို့ပြီး နေရာချထားတဲ့ ကိစ္စလောက် မဟုတ်ပါဘူး။ ဒီကိစ္စက တိုက်ပွဲတွေ ပြီးသွားတဲ့နောက် ဒီစစ်တပ်တွေက ဘာလုပ်သလဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့်ဆိုရင် တာလီဘန်သူပုန်တွေအပေါ် ပထမဆုံး အောင်နိုင်သွားတဲ့အခါ ဘာလုပ်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။ စစ်တပ်ဟာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ၊ လူသားချင်း စာနာထောက်ထားရေး အလုပ်တွေမှာလည်း ပါဝင်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ လူတွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်မယ့် မဟာဗျူဟာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျနော်တို့ ပြောနေခဲ့တဲ့ အဲဒီမဟာဗျူဟာကို အခုလုပ်ရမှာပါ။ ဒါပေမဲ့ တကယ့် လူတွေရဲ့ဘဝမှာ ဒါကို တကယ် အကောင်အထည် မဖော်နိုင်သေးပါဘူး။”

သမ္မတအိုဘားမားရဲ့ အဓိကကျတဲ့ ပန်းတိုင်တွေအနက်က တခုကတော့ အာဖဂန်နစ္စတန်မှာ အရပ်သားတွေ အသေအပျောက်ဖြစ်မှာကို ရှောင်ကြဉ်ခြင်းအားဖြင့် ဒေသခံ ပြည်သူတွေကြားမှာ ယုံကြည်မှု ပြန်လည်တည်ဆောက်တာပါပဲ။ အာဖဂန်မှာ စစ်သွေးကြွတွေကို တိုက်ရာမှာ လေကြောင်းက အပြင်းအထန် တိုက်ခိုက်တဲ့ နည်းလမ်းအပေါ် အကြီးအကျယ် အားထားနေရပါတယ်။ အဲဒီလိုတိုက်ခိုက်ရင်း အရပ်သားတွေ သေရတယ်ဆိုတဲ့ ကိစ္စကို ဒေသခံ ပြည်သူတွေက အလွန့်ကို မခံမရပ်နိုင် ဖြစ်နေကြတာပါ။

ပြန်ပြီးပြင်ဆင်ထားတဲ့ မဟာဗျူဟာအောက်မှာ အရပ်သားတွေကို ကာကွယ်ရေးဟာ ထိပ်တန်းဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်လို့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး စတန်လေ မက် ခရိုင်စတယ်လ် (Stanley McChrystal) က ပြောပါတယ်။

သမ္မတရဲ့ စစ်မဟာဗျူဟာအသစ်မှာ နောက်ထပ် အမေရိကန်တပ်သား ၂၁,၀၀၀ ချထားရေးလည်း ပါဝင်ပါတယ်။ ဒီနှစ်အကုန်မှာ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်တွေဟာ ခန့်မှန်းတပ်သား ၆၈,၀၀၀ ထိ ၂ ဆတိုးလာလိမ့်မယ်လို့ မျှော်လင့်ထားရပါတယ်။

ဟယ်လ်မန်ပြည်နယ်ဟာ ပါကစ္စတန် နယ်စပ်တလျှောက် ရှိနေတာမို့ မဟာဗျူဟာ ကျပါတယ်။ တရားမဝင် ဘိန်းအရောင်းအဝယ်က အလုပ်ဖြစ်နေပြီး တိုက်နေကြသူတွေနဲ့ လက်နက်တွေက နယ်ခြားကို လွယ်လွယ်ကူကူနဲ့ ဖြတ်နိုင်နေကြပါတယ်။

ကြာသပတေးနေ့က စခဲ့တဲ့ ထိုးစစ်ကြောင့် ပါကစ္စတန်ဘက်မှာ ရတက်မအေးဖြစ်တာတွေ ရှိလာခဲ့ပါတယ်။ ထိုးစစ်စပြီး နာရီအတော်ကြာမှာပဲ ပါကစ္စတန်စစ်တပ်က သူ့တပ်တွေကို နေရာရွှေ့ပြောင်း ချထားလိုက်ပါတယ်။ ဟယ်လ်မန်စစ်ဆင်ရေးကြောင့် ထွက်ပြေးလာကြမယ့် စစ်သွေးကြွတွေကို ပိတ်ဆို့ထားဖို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG