သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားခွင် ရွှေ့ဆိုင်း


ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုထားတဲ့ အမှုအတွက် ဒီကနေ့ တရားရုံးချိန်းမှာ စစ်ဆေးကြားနာတာတွေ ဘာမှ မရှိဘဲ နောက်ထပ် ရက်သတ္တပတ် တပတ်ခွာပြီး ဇူလိုင်လ ၁၀ ရက်နေ့ကို ပြန်ချိန်းဆိုလိုက်ပါတယ်။ ရုံးချိန်း ပေးထားပြီးကာမှ ဘာ့ကြောင့်များ အခုလို ရွှေ့ဆိုင်းလိုက်တာပါလဲ၊ ဘန်ကောက်ရုံးကနေ တရားခွင်ကို စောင့်ကြည့်နေတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ တရားရုံးချိန်းကို အခုလို နောက်ထပ် ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ရုံးချိန်းရွှေ့ဆိုင်းတာနဲ့ပတ်သက်ပြီး တရားရုံးရဲ့အကြောင်းပြချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းက အခုလိုပြောပါတယ်။

"ချိန်းလိုက်တာတော့ ၁၀ ရက်နေ့ကို ချိန်းလိုက်တာ၊ အကြောင်းကြားတာကတော့ မူလ အမှုတွဲ ပြစ်မှုကြီး အမှုမှာ (၄၇/၂၀၀၉)။ ပြန်ပြီးတော့ အထူးခုံရုံးကို ပြန်မရောက်သေးဘူး။ ဆိုတော့ အဲဒီအမှုတွဲက သူတို့ပြောတဲ့အတိုင်း ဆိုရင်တော့ အပေါ်ရုံး High Court မှာ တင်ပို့လိုက်တဲ့သဘော ရှိတယ်။"

ဒေါ်အောင်ဆန်းစုကြည် တို့ဘက်ကနေ သက်သေနှစ်ဦးကို ထပ် လက်ခံဖို့ ဗဟိုတရားရုံးကို အယူခံလွှာတင် လျှောက်ထားခဲ့ချိန်တုန်းက အခု အောက်ရုံးက အမှုတွဲဖိုင်ကို တောင်းယူခဲ့တာပါ။ အခုတော့ ဒီအမှုတွဲဖိုင် ပြန်မရောက်သေးလို့ ဆိုပြီး ရုံးချိန်းကိုရွှေ့ပါတယ်။ တကယ်က တော့ ဗဟိုတရားရုံးဟာ ရန်ကုန်မြို့လယ်ခေါင်မှာရှိပြီး လက်ရှိအမှုစစ်ဆေးနေတဲ့ အင်းစိန်ထောင်တွင်း အထူး တရားရုံး ကလည်း ရန်ကုန်မှာပဲ ရှိတာပါ။ အမှုတွဲဖိုင် ပြန်မရောက်ဘူးဆိုတဲ့ အကြောင်းပြချက်က ထူးခြားတယ်လို့ ဦးကြည်ဝင်းက သုံးသပ်ပါတယ်။

"အဲဒီဟာက နည်းနည်းတော့ ထူးခြားတယ်လို့ ကျနော်တို့ မြင်တယ်။ ထူးခြားတယ် ဆိုတာက အပေါ်ရုံးကလည်း ဆုံးဖြတ်ပြီးပြီ။ ဆုံးဖြတ်ပြီးတော့ ၂၄ က လျှောက်လဲတယ်။ အဲဒီကြားမှာ ဘယ်နေ့က ဆုံးဖြတ်တယ် ဆိုတာကတော့ သေချာ မသိဘူး။ သို့သော် သတင်းစာတွေမှာတော့ ပါပြီ။ ပါတော့ကာ ဒီအမှုတွဲက ရန်ကုန်မှာရှိတဲ့ High Court က နေပြီးတော့ အင်းစိန်က အထူးရုံးကို ပြန်တာ။ မြောက်ပိုင်းခရိုင် ပြန်ပို့ရမှာ။ သိပ်ဝေးတဲ့အလုပ် လည်း မဟုတ်ဘူး။ အဲဒီတော့ ပြန်မရောက်သေးတာတော့ နည်းနည်း ထူးခြားတယ်လို့ ကျနော် တော့ မြင်တယ်။"

ဒီကနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာ တွေ့ရပါတယ်လို့လည်း ဦးကြည်ဝင်းကပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ကတော့ နေကောင်းပါတယ်။ စကားပြောတာရော ဘာရော အတော်လေး တက်တက်ကြွကြွနဲ့ ပြောတာ ဆိုတာ။ နည်းနည်းလေး ပိန်သွားတာတော့ တွေ့တယ်။ ဒါပေမယ့် နေကောင်းပါတယ်။"

လာမယ့် ၁၀ ရက်နေ့ ရုံးချိန်းအတွက် တိုင်ပင်ပြောဆိုကြဖို့အတွက် ဇူလိုင်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြန်ဆုံကြဖို့ စီစဉ်ထားတယ်လို့လည်း ဦးကြည်ဝင်းကပြောပါတယ်။ အရင့်အရင်အကြိမ်တွေတုန်းကတော့ သူတို့တိုင်ပင်ဆွေးနွေးဖို့ တင်ပြတဲ့အခါ ခွင့်ပြုချက်ရခဲ့တာချည်းပဲမို့ အခုလည်း သူတို့ဆွေးနွေးမယ့်ရက်မှာ ခွင့်ပြုချက်ရမယ်လို့ ဦးကြည်ဝင်းက မျှော်လင့်ထားပါတယ်။

မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံထဲ မရောက်ခင်ကတည်းကိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပါဆိုပြီး မြန်မာစစ်အစိုးရကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့တာပါ။ သူ့ခရီးစဉ်ရဲ့ရလဒ် ဘယ်လို ထွက်လာမလဲ ဆိုတဲ့အပေါ် ရှုမြင်သုံးသပ်တာတွေ ကလည်း အမျိုးမျိုး ကွဲပြားနေပြီး အကောင်းမြင် မျှော်လင့်တဲ့လူတွေ ရှိသလို အောင်မြင်ဖို့ အလားအလာ နည်းပါးလှတယ် ဆိုပြီး သုံးသပ်ကြ သူတွေကလည်း အများအပြားပါ။ ရှေ့နေကြီး ဦးကြည်ဝင်းကတော့ အကောင်းမြင် မျှော်လင့်သူတွေထဲက တဦးဖြစ်ပါတယ်။

"ကျနော်တို့ အစွမ်းကုန်တော့ ကြိုးစားနေတယ်။ ဘန်ကီမွန်း ရဲ့ ခရီးအပေါ်မှာလည်း ဒါတွေက တည်သင့်သလောက် တည်လိမ်မယ်လို့ ထင်တာပဲဗျ။ မျှော်လည်း မျှော်လင့်တာပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီးဦးကြည်ဝင်းပါ။

မေလ ၁၄ ရက်နေ့ကတည်းက စပြီး ရုံးတင်စစ်ဆေးနေတဲ့ အမှုရဲ့ ဒီကနေ့ ရုံးချိန်းမှာ နောက်ထပ် လက်ခံခွင့်ပြုထားတဲ့ သက်သေတဦး ဖြစ်သူ ဥပဒေ ပညာရှင် ဒေါ်ခင်မိုးမိုးရဲ့ ထွက်ချက်ကို ကြားနာဖို့ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ ရုံးချိန်းတုန်းကလည်း ဘာမှ စစ်ဆေးကြားနာတာ မရှိခဲ့ဘဲ ဒီ ဇူလိုင် ၃ ရက်နေ့ကို ပြန်ချိန်းခဲ့တာဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ်ကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် တို့ကို သက်သေအဖြစ် ထွက်ဆိုခွင့်ပြုဖို့ အယူခံ လျှောက်ထားချက် ကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ ဗဟိုတရားရုံးက ပယ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG