ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က ဒေါက်တာဂမ်ဘာရီကို မြန်မာ့ရေးရာ အထူးကိုယ်စားလှယ်ခန့်ပြီး ကြားဝင်ဆောင်ရွက်နေတာ (၂) နှစ် ရှိသွားပါပြီ။ ဒီအချိန်ကာလအတွင်းက ကုလသမဂ္ဂနဲ့ ဗမာစစ်အစိုးရရဲ့ ဆက်ဆံရေးအခြေအနေကို ဆောင်းပါးရှင် ဦးအောင်ခင် နဲ့ မညိုညိုလွင် (ဗွီအိုအေ) က သုံးသပ်တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀ရ နိုဝင်ဘာလ စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယ့ထိပ်သီးညီလာခံမှာ ကုလသမဂ္ဂကိုယ်စားလှယ် ဂမ်ဘာရီ စကားပြောဖို့ စီစဉ်ထားပြီးမှ ဗမာဝန်ကြီးချုပ်က ကန့်ကွက်တဲ့အတွက် အစီအစဉ်ဖျက်လိုက်ရပြီး အာဆီယံအဖွဲ့ ဆွေးနွေးတာကို လက်မခံနိုင်ဘူးလို့ ဗမာဝန်ကြီးချုုပ်ပြောတာမို့ ဗမာဒီမိုကရေစီအရေးမှာ ကြားဝင်ဆောင်ရွက်မယ့်သူဟာ ကုလသမဂ္ဂတဦးတည်သာ ကျန်ပါတော့တယ်။
ဗမာစစ်အစိုးရကို ကုလသမဂ္ဂနည်း (၃) မျိုးနဲ့ ဆက်ဆံနေပါတယ်။ အထွေထွေညီလာခံက ညွှန်ကြားတဲ့အတိုင်း အတွင်းရေးမှုးချုပ်က အထူးကိုယ်စားလှယ်က အီဘရာဟမ် ဂမ်ဘာရီ ဖြစ်ပါတယ်။ ဒုတိယနည်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်တဲ့ မြန်မာ့ရေးရာ လူ့အခွင့်အရေးကိုယ်စားလှယ်ကတဆင့် ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ဆုံးလူ့အခွင့်အရေးကိုယ်စားလှယ်က တိုးမတ်စ် အိုဟေးရား ကင်တားနာ ဖြစ်ပါတယ်။ တတိယနည်းက ရန်ကုန်အခြေစိုက် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ကတဆင့် ဆောင်ရွက်တာပါပဲ။ လက်ရှိကိုယ်စားလှယ်ဟာ နီပေါလ်အမျိုးသား Bishow Parajuli ဖြစ်ပါတယ်။ မြန်မာ့ပြည်တွင်းရေးကို ဝေဖန်မှုနဲ့ ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ကို ဗမာအစိုးရက နေထိုင်ခွင့် ရုတ်သိမ်းခဲ့ဖူးပါတယ်။
မြန်မာအရေးမှာ အထွေထွေအတွင်းရေးမှုးချုပ်ရုံးက ကြားဝင်ဆောင်ရွက်လာတာကြာပြီ ဖြစ်ပေမယ့် တိုးတက်ပြောင်းလဲမှုမရှိလို့ မစ္စတာဘန်ကီမွန်း နဲ့ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ဝေဖန်ခံနေရပါတယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်ရုံးဟာ ဗမာစစ်အစိုးရ သဘောမတူရင် ဘာမှမလုပ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့က ကုလသမဂ္ဂသတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂမ်ဘာရီ က ပြောပါတယ်။ ဒါကြောင့် သက်ဆိုင်ရာတွေအားလုံး ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နေတာဖြစ်လို့ ကိုယ်လိုချင်တာကို ချက်ချင်းမရနိုင်ဘူးလို့ ဆိုပါတယ်။ ဂမ်ဘာရီ ရဲ့ ခရီးစဉ် ရှစ်ခေါက်မှာ ဗိုလ်ချုပ်မှုးကြီးနဲ့ သုံးကြိမ်တွေ့ခွင့် ရခဲ့ပါတယ်။ သူ့အရင် ကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ် ဆိုရင် နှစ် နှစ်ကျော် ဝင်ခွင့်မရလို့ နောက်ဆုံးမှာ နုတ်ထွက်သွားခဲ့ပါတယ်။
အထွေထွေအတွင်းရေးမှုးချုပ်ရုံးရဲ့ ကြားဝင်မှုဟာ လုပ်ဆောင်ချက်ဖြစ်စဉ်တခုသာ ဖြစ်တဲ့အတွက် မြန်မာပြည် ဘယ်နှစ်ကြိမ်သွားတယ်ဆိုတာကိုကြည့်ပြီး အကဲဖြတ်လို့မရဘူးလို့ ဂမ်ဘာရီက ပြောပါတယ်။ တဖြည်းဖြည်းတစတစ တိုးတက်အောင် လုပ်ယူရတဲ့ဖြစ်စဉ်လို့ ဆိုပါတယ်။ အထွေထွေအတွင်းရေးမှုးချုပ် အနေနဲ့ ဗမာစစ်အစိုးရ လုပ်သင့်တာကို လုပ်ခိုင်းဖို့ အာဏာမရှိပါဘူး။ သူ့အနေနဲ့ ဖျောင်းဖျပြောဆိုတာမျိုး တိုက်တွန်းတာမျိုးပဲ လုပ်နိုင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးအကျဉ်းသာကိစ္စကို အလေးအနက်ထားတကြောင်း ဗမာအစိုးရ နားလည်အောင်ပြောနိုင်ပါတယ်။ ဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်ကို ပြန်ကြားရေးဌာနဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက ဝေဖန်ရှုတ်ချတာမျိုးရှိပေမယ့် ပြည်ဝင်ခွင့်ပိတ်ပင်တာမျိုးတော့ မလုပ်သေးပါဘူး။
အဲဒီနောက်ပိုင်း ဒေါက်တာဂမ်ဘာရီ မြန်မာပြည်ကို ဝင်ထွက်သွားလာတာကိုကြည့်ရင် အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ အခန်းကဏ္ဍကို ဗမာစစ်အစိုးရက လျစ်လျူရှုတာ မဟုတ်ကြောင်း သိနိုင်ပါတယ်။ ကုလသမဂ္ဂကြားဝင် စေ့စပ်နေတာကို တရုတ်-ရုရှား-ဗီယက်နမ်-စင်္ကာပူ-ဂျပန် နဲ့ အင်ဒိုနီးရှားက ထောက်ခံပါတယ်။ ဗမာစစ်အစိုးရဟာ ကုလသမဂ္ဂ နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ်နဲ့ ရုရှားက ယုံကြည်နေသမျှ လုံခြုံရေးကောင်စီက အရေးယူနိုင်မှာ မဟုတ်ပါဘူး။ ကုလသမဂ္ဂရဲ့ အရှိန်အဝါကို အသုံးပြုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ မစ္စတာ ဘန်ကီမွန်းကို ဖိတ်ကြားတာလို့ အချို့က ယူဆပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြားဝင်ဆောင်ရွက်တဲ့ အထွေထွေအတွင်းရေးမှုးချုပ်ကို အမြဲတမ်းကြိုဆိုပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က တိုးမတ်စ် အိုဟေးရာ ကင်တားနား ၂၀၀၈ က ပထမအကြိမ်မြန်မာပြည်ကို သွားပြီးမကြာမီ အကျဉ်းသား ကိုးထောင်ကျော်နဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦး လွှတ်ပေးတာရယ်၊ ကင်တားနားရဲ့ ဒုတိယခရီးစဉ်အပြီးမှာ ရာဇဝတ်အကျဉ်းသား ခြောက်ထောင်ကျော် နဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဆယ်ကျော် လွှတ်ပေးတာကိုကြည့်ရင် ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုဟာ အချည်းနှီးမဖြစ်ဘူးလို့ ယုံကြည်ကြောင်း ဂမ်ဘာရီ က ပြောပါတယ်။
နယူးရော့ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ အစိုးရအချို့ကတော့ ဗမာအစိုးရဘက်က လိုက်လျောမှုမရှိသေးပဲ မစ္စတာဘန်ကီမွန်း မသွားသင့်ဘူးလို့ ယူဆပါတယ်။ ဒေါ်စုတရားစွဲခံနရတာကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်လို့ စိုးရိမ်ပူပန်နေကြပါတယ်။ မစ္စတာ ဘန်ကီမွန်း အနေနဲ့လည်း ဗမာအစိုးရ ဖိတ်ကြားတာကို လက်မခံရင် ဝတ္တရားပျက်ကွက်သလို ဖြစ်နေမှာကတကြောင်း၊ တရုတ် နဲ့ အာဆီယံအဖွဲ့က တိုက်တွန်းနေတာက တကြောင်းမို့ ဒုတိယအကြိမ် မြန်မာပြည်သွားဖို့ ဆုံးဖြတ်လိုက်ရတာလို့ သုံးသပ်ကြပါတယ်။ အာဆီယံအတွေ့အကြုံကြောင့် နိုင်ငံခြားဆက်ဆံရေးမှာ ယဉ်ပါးလာတဲ့ ဗမာအစိုးရကလည်း မစ္စတာ ဘန်ကီမွန်းကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယူဆတာကြောင့် ဖိတ်ကြားလိုက်တာ ဖြစ်ပုံရပါတယ်ခင်ဗျာ။