သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ တွေ့ခွင့်ရဖို့ ဘန်ကီမွန်း စောင့်ဆဲ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရုံးတင်တရားစွဲဆိုခံနေရသူဖြစ်တဲ့ အတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နဲ့ တွေ့ဆုံခွင့် မပေးနိုင်ဘူးလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ငြင်းပယ်ထားပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ စစ်အစိုးရဘက်က တုံ့ပြန်ချက်ကို စောင့်နေတယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ စစ်အစိုးရ ခေါင်းဆောင်တွေကို မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မနေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ၂ နာရီလောက် ဆွေးနွေးခဲ့တဲ့အချိန် သူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် တောင်းခဲ့တဲ့အကြောင်း သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ဆုံချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည်ဟာ တရားစွဲခံနေဆဲလို့ ပြောပါတယ်။ ကျနော်က ဒါဟာ ကျနော့်ဘက်က အဆိုပြုချက် ဖြစ်တယ်။ ဒီကိစ္စ အရေးကြီးတယ် ဆိုတာ ပြောခဲ့ပါတယ်။ အခုသူတို့ဘက်က ဘယ်လို စဉ်းစား တုံ့ပြန်မလဲဆိုတာ ကျနော် စောင့်နေပါတယ်။”

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ စနေနေ့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်တဲ့အတွက် သူမပြန်ခင် စစ်အစိုးရဘက်က အဖြေကို စောင့်နေတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသွားပါတယ်။ ဒါပေမယ့်လည်း အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ် အဓိက ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ထက် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တွေ့ဆုံခွင့်တောင် မရဘူးဆိုရင် လွတ်မြောက်အောင် စစ်အစိုးရခေါင်းဆောင်တွေကို နားချရေးမှာရော အောင်မြင်ပါ့မလား၊ သူ့ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အချည်းနှီး ရလဒ်မဲ့ ခရီးစဉ်တခု ဖြစ်သွားလေမလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စစ်အစိုးရခေါင်းဆောင်တွေနဲ့ သူတွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့တဲ့အကြောင်းနဲ့ အခြား ဆွေးနွေးခဲ့တာတွေကိုလည်း သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။

“အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အတိုက်အခံတွေကို နိုင်ငံရေးအရ ခြေခြေမြစ်မြစ် အဓိပ္ပါယ်ရှိရှိ အဆင့်မှာ တွေ့ဆုံဆွေးနွေးဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို မျှမျှတတ၊ တရားဝင်ဖြစ်အောင်၊ လူအများ လက်ခံယုံကြည်အောင် ကျင်းပဖို့ အရေးကြီးတယ် ဆိုတာ ကျနော် ပြောခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ကျင်းပဖို့ ကျနော် ပြောဆိုခဲ့ပါတယ်။”

နိုင်ငံရေး အကဲခတ်တွေကတော့ မြန်မာ စစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်နဲ့ အများလက်ခံအောင် ကျင်းပဖို့ ကုလသမဂ္ဂက နားချနေပေမယ့် ဒီ အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီးထားတာကိုက ၂၀၁၀ ရွေးကောက်ပွဲမှာ မပါနိုင်အောင် စစ်အစိုးရဘက် ရည်ရွယ်ချက်ရှိရှိ ဘေးဖယ်ထားတာလို့ မြင်ကြပါတယ်။

စစ်တပ်က နိုင်ငံအာဏာကို တရားဝင် ဆုပ်ကိုင်နိုင်ခွင်အပေါ် အတိမ်းအစောင်း မခံနိုင်တဲ့အတွက် နိုင်ငံရေး ဖိနှိပ်မှုတွေကို ဒီနှစ်ပိုင်းထဲမှာ တိုးပြီး လုပ်လာတာလို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ စစ်အစိုးရကို ဆန့်ကျင်လို့ ဖမ်းဆီးထားတဲ့ အရေအတွက် ၂ ဆ ပိုများလာခဲ့သလို အကျဉ်းထောင် အတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အစားအသောက်တွေ ညံ့ဖျင်းတဲ့အတွက် အကျဉ်းသား ၄၀ လောက် သေဆုံးခဲ့တယ်လို့ လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ဒီလို နိုင်ငံရေး ဖိနှိပ်မှုတွေရှိနေတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး တောင်းဆိုချက်တွေကို စစ်အစိုးရ ခေါင်းဆောင်တွေ လိုက်လျောလာအောင် လုပ်ဖို့ဆိုတာ ခက်ခဲတဲ့ တာဝန်တခု ဖြစ်တယ် ဆိုတာကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် ဝန်ခံထားပါတယ်။ မြန်မာ စစ်အစိုးရဟာ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ မြန်မာပြည် ခရီးစဉ်တွေကို အသုံးချပြီး သူ့ဝါဒဖြန့်ချိရေး အတွက် ကောင်းကောင်း အသုံးချခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့တာကြောင့် အခု မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်ကိုလည်း အလားတူ အသုံးချသွားမှာကို လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်နေပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ဘန်ကောက်ရုံးက သုတေသနမှူး Benjamin Zawacki က အခုလို ပြောဆိုပါတယ်။

“အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အထူးသတိထားဖို့ လိုမယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့်လည်း အတွင်းရေးမှူးချုပ်အနေနဲ့ သူ့ ခရီးစဉ် အစီအစဉ်တွေအပေါ် အထူး အာရုံစိုက်ပြီး စစ်အစိုးရကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။ အခု စစ်အစိုးရဘက်က အလှည့်ပါ။ အကြောင်းပြန်မလား၊ မပြန်ဘူးလား မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေဘက်က အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်အပေါ် စဉ်းစားဆုံးဖြတ်ရမယ့် အချိန် သိပ်မကျန်တော့ဘူးလို့ ပြောရမယ်ထင်ပါတယ်။ မစ္စတာ ဘန်ကီမွန်းနဲ့ အဖွဲ့ဟာ ဒီနေ့ ညနေ ၇ နာရီကျော်လောက်မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာဖို့ စီစဉ်ထားတဲ့အတွက် စစ်အစိုးရ ခေါင်းဆောင်တွေ စဉ်းစားချိန်၊ ဒါမှမဟုတ် အတွင်းရေးမှူးဘက်က အဖြေကို စောင့်နိုင်မယ့် အချိန် အခု ကျနော်တို့ အသံလွှင့်နေတဲ့ အချိန်နဲ့ဆို ၁၂ နာရီလောက် ကျန်နေသေးတယ်လို့ ပြောလို့ရနိုင်ပါတယ်။

ဒီနေ့ညပိုင်း အသံလွှင့်ချိန်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဘန်ကီမွန်း တွေ့ခွင့်ရမရ တိတိကျကျ သိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG