အခု ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ မိုင် ၂၅၀ အကွာအဝေးအထိ သွားနိုင်ပြီး ဂျပန်ပင်လယ်ထဲကို ကျသွားခဲ့တယ်လို့ ယူဆရပါတယ်။ ဒီနှုန်းအတိုင်းဆိုရင် အခု ဒုံးကျည်တွေဟာ တောင်ကိုရီးယား နယ်မြေ အစိတ်အပိုင်း အတော်များများ ကို တိုက်ခိုက်နိုင်စွမ်း ရှိသလို နဲ့ ဂျပန် နိုင်ငံရဲ့ တချို့နေရာတွေအထိလည်း ပစ်ခတ်နိုင်ပါတယ်။
အခု စမ်းသပ်မှုတွေဟာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေကို တားမြစ်တဲ့ မကြာသေးခင်က ကုလသမဂ္ဂ ဆုံးဖြတ်ချက် ကို ချိုးဖောက်ရာ ရောက်တယ်လို့ တောင်ကိုရီးယား အစိုးရ အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယား ရဲ့ ဘယ်လို ခြိမ်းခြောက် ရန်စမှုမျိုးကိုမဆို တုံ့ပြန်ဖို့ တောင်ကိုရီးယားစစ်တပ်က အဆင်သင့် ရှိနေတဲ့အကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ် က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယား ရဲ့ အခု နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ အမေရိကန်နိုင်ငံသားတွေ လွတ်လပ်ရေးနေ့ ဆင်နွှဲနေတဲ့ ဇူလိုင်လ ၄ ရက်နေ့ပဲ ဖြစ်ပါတယ်။
နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဖို့ ရည်ရွယ်ထားတဲ့ ကြာသပတေးနေ့အထိ အရှေ့ဘက် ပင်လယ်ထဲမှာ လှေ သင်္ဘောတွေကို ရှင်းလင်းထားဖို့ မြောက်ကိုရီယား က ပြောဆိုထားပါတယ်။