သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ထိုင်းအစိုးရတောင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) က ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။ ၁၄ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စဟာ သဘောတူညီပြီးသား ဖြစ်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ ထိုင်းအစိုးရအဖွဲ့ ယာယီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်ဟာလည်း ဒီလကုန်မှာ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်။ ဒီအကြောင်းတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့မတ်လက ထိုင်းနိုင်ငံ၊ ချာအမ်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့မှာ လုပ်ခဲ့တဲ့ ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံတဲ့အချိန်မှာ ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုတာ ဖြစ်ပါတယ်လို့ ထိုင်းအစိုးရအဖွဲ့ ယာယီပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပန်နိတန် ဝတ်တာနာယာဂွန်း (Panitan Watanayagorn) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုရေးကို ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သဘောတူထားပြီးသားပါ။ ထိပ်သီးအစည်းအဝေး ကျင်းပချိန်အတွင်း ချမှတ်ခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ ဒီရပ်တည်ချက်ကို ဝန်ကြီးချုပ်က ထပ်လောင်းအတည်ပြု ပြောဆိုတာပါ။” လို့ မစ္စတာပန်နိတန်က ပြောပါတယ်။

တကယ်ကတော့ ထိုင်းတနိုင်ငံတည်းရဲ့ သဘောထားကို ထိုင်းဝန်ကြီးချုပ်က ပြောတာမဟုတ်ပါဘူး၊ ဒီကိစ္စဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ သဘောတူထားပြီးသားကိစ္စ ဖြစ်ပါတယ်လို့ ပြောချင်တာပါပဲ။ ဒီလိုပြောရတာကလည်း အကြောင်းရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ ထိုင်းနိုင်ငံက မြန်မာ့အရေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာကို မြန်မာစစ်အစိုးရက အပြင်းအထန် ပြန်ပြီး တုံ့ပြန်ပြောဆိုခဲ့ဖူးပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ သဘောတူညီချက်ကို မယူဘဲ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့တယ်လို့ မြန်မာအစိုးရဘက်က ဝေဖန်ပြောဆိုခဲ့တာပါ။

ဘာမှ အောင်မြင်မှုမရဘဲ လက်ချည်းဗလာ ပြန်လာခဲ့ရတယ်လို့ အများက သုံးသပ်နေကြတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ်မှာတော့ ထိုင်းနိုင်ငံက အတော်လေးကို အကောင်းမြင်ထားပါတယ်။ “ဒီခရီးစဉ် မအောင်မြင်ဘူးလို့ ကျနော်တို့က မထင်ပါဘူး။ မြန်မာထိပ်ပိုင်းခေါင်းဆောင်နဲ့ တွေ့ခွင့်ရခဲ့သလို နိုင်ငံရေးပါတီတွေ၊ အပစ်ရပ် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ခွင့်ရခဲ့တာတွေ အပါအဝင် အဓိပ္ပာယ်ရှိတဲ့ ရလဒ်တချို့ ရခဲ့တယ်လို့ ကျနော်ထင်ပါတယ်။

အနည်းဆုံးတော့ နယ်ပယ်အများအပြားမှာ ပြောဆိုဆွေးနွေးတာတွေ ဆက်ရှိနေတာမို့ အတော်လေး အပြုသဘောဆောင်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ အကြောင်းမလှတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့တာပါ။ ဒါပေမယ့် မြန်မာအစိုးရဘက်ကပေးတဲ့ အကြောင်းပြချက်ပေါ်မှာ ကျနော်တို့ နားလည်ပါတယ်။” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို ထောက်ခံတဲ့အကြောင်းနဲ့ နောက်လာမယ့် အစည်းအဝေးတွေမှာ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံတွေအကြား ဆက်ပြီး ပြောဆိုဆွေးနွေးတာတွေ ရှိနေဦးမှာပါလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အာဆီယံ အစည်းအဝေးတွေနဲ့ ARF လို့ခေါ်တဲ့ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ၁၆ ကြိမ်မြောက် ARF အစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်နေ့ကြရင် ထိုင်းနိုင်ငံ၊ ဖူးခက် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့မှာ ကျင်းပမှာဖြစ်ပြီး ဒီအစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံအပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အရှေ့တီမော၊ မွန်ဂိုလီးယားနဲ့ ပါပူအာနယူးဂီနီတို့က ဝန်ကြီးအဆင့် တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာပါ။

အစည်းအဝေးတွေအတွင်း မြန်မာ့အရေး ပြောဆိုဆွေးနွေးဖို့ အခြေအနေကတော့ အစည်းအဝေး တက်ရောက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေပေါ် မူတည်တယ်လို့ မစ္စတာပန်နိတန်က ပြောပါတယ်။

၁၅ ကြိမ်မြောက် ARF အစည်းအဝေးကို စင်ကာပူနိုင်ငံမှာ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လက ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ဥက္ကဋ္ဌကြေညာချက်ထဲမှာ မြန်မာနိုင်ငံအကြောင်း စာပိုဒ်နှစ်ခုနဲ့ သီးခြားဖော်ပြခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့အတွက် လမ်းဖောက်ပေးဖို့ မြန်မာအစိုးရကို ထပ်ပြီး တောင်းဆိုထားသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ နီးနီးကပ်ကပ် ဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ဒီလကုန်မှာ မြန်မာနိုင်ငံသွားဖို့ရှိပြီး အသေးစိတ်တွေကို နှစ်ဘက် ဆွေးနွေးညှိနှိုင်းနေတယ်လို့ မစ္စတာ ပန်နိတန်က ပြောပါတယ်။ သွားဖြစ်ခဲ့မယ်ဆိုရင်တော့ မစ္စတာ အဘီဆစ် ဝတ်ချာချီ၀ ဝန်ကြီးချုပ်ဖြစ်ပြီးကတည်းကဆိုရင် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပါလိမ့်မယ်။ ဒီခရီးစဉ်အတွင်း ဘာတွေပြောဆိုဆွေးနွေးမယ်၊ အခုပြောသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကို လူကိုယ်တိုင် တိုက်တွန်းပြောဆိုမှာလား ဆိုတာတွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG