သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသင်္ဘော လှည့်ပြန်မှုအပေါ် အမေရိကန်ရေတပ် အကြီးအကဲ ကြိုဆို


လက်နက်တွေ တင်ဆောင်လာတယ်လို့ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ကုန်တင်သဘောၤ မြောက်ကိုရီးယား နိုင်ငံ ဘက်ကို ပြန်ပြီး ဦးလှည့်သွားတဲ့အတွက် ကမ္ဘာတဝန်းမှာရှိတဲ့ အမေရိကန် ရေတပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Gary Roughhead က သူ့အနေနဲ့ ဝမ်းမြောက် ဝမ်းသာဖြစ်ရတဲ့အကြောင်း ပြောဆို ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့ကို ရောက်နေတဲ့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Gary Roughhead က မြောက်ကိုရီးယားဘက်က လက်နက် ပြန့်ပွားရေး လုပ်ဆောင်တာတွေ ရပ်တန့်သွားအောင် နိုင်ငံတကာနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Kurt Achin ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

အခုဆိုရင် စောစောပိုင်းက မြန်မာနိုင်ငံဘက်ကို သွားနေတယ်လို့ ယူဆခဲ့တဲ့ မြောက်ကိုရီးယား ကုန်တင်သဘောၤဟာ မြောက်ကိုရီးယားရဲ့ နီးနီစပ်စပ်နေရာကို ပြန်ပြီး ရောက်သွားပြီလို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Gary Ruughead က ပြောပါတယ်။ ဒီ ကုန်တင်သဘောၤဟာ ဘယ်ကမ်းခြေမှာမှ မဆိုက်ကပ်တော့ဘဲ အခု မြောက်ကိုရီးယား နိုင်ငံဘက်ကို ပြန်ပြီး လှည့်သွားတာဖြစ်ပါတယ်။

လက်နက်တွေ တင်လာတယ်လို့ သံသယဖြစ်ခဲ့တဲ့ မြောက်ကိုရီးယား ကမ်နမ် ကုန်တင်သဘောၤနောက်ကို အမေရိကန် ရေတပ် ဖျက်သဘောၤက ပြီးခဲ့တဲ့ တပတ်ကျော်လုံးလုံး နောက်ယောင်ခံ လိုက်ခဲ့ပါတယ်။ မေလအတွင်းက မြောက်ကိုရီးယား နိုင်ငံဘက်က နျူကလီးယား စမ်းသပ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား သဘောၤတွေ လက်နက်တွေ တင်ဆောင်ပြီး ပြည်ပကို တင်ပို့တာတွေကို တားမြစ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာပါ။ ရေတပ်ဗိုလ်ချုပ်ကြီး Gary Ruughead က အခုလို ပြောပါတယ်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက အားလုံး အတူတူ လက်တွဲပြီး ဆောင်ရွက်မယ်။ ဒီလို လုပ်ဖို့ ဆုံးဖြတ်ချက် ချထားခဲ့တယ်။ ဒါဆိုရင် ဒီလို လက်နက်မပျံပွားရေး လုပ်ဆောင် တားဆီးနိုင်တဲ့ ရွေးချယ်စရာလမ်းတွေ အများကြီး ရှိတယ်ဆိုတာ အခု ရည်ညွှန်း ပြသလိုက်တာပါ။ ကျနော်ကတော့ ဒီ သဘောၤ မြောက်ကိုရီးယားဘက်ကို ပြန်ပြီး ဦးလှည့်သွားတာကို ဝမ်းသာမိပါတယ်။"

ဒီ သဘောၤဟာ မြန်မာနိုင်ငံဘက်ကို သွားခဲ့တယ်လို့ စောစောပိုင်းက ယုံကြည် ခဲ့ကြတာပါ။ စကာၤပူမှာ ဆီဖြည့်ဖို့ ကမ်းကပ် နိုင်တယ်လို့လည်း အတော် များများက ခန့်မှန်းခဲ့ကြပါတယ်။ မြန်မာပြည်ကရော စကာၤပူကပါ တကယ်လို့ ဒီသဘောၤ သူတို့နိုင်ငံတွေကို ဆိုက်ကပ်ခဲ့မယ်ဆိုရင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အတိုင်း စစ်ဆေးမယ့် သဘောမျိုး ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ဂျုလိုင်လေးရက်နေ့က မြောက်ကိုရီးယားဘက်က ပဲ့ထိန်းသုံး တာဝေးပြစ်ဒုံးကျည်တွေ တော်တော်များများကို စမ်းသပ် ပစ်ခတ်ခဲ့တဲ့ ကိစ္စဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဆန္ဒကို ဗြောင်ကျကျ ဆန့်ကျင်ပြီး လုပ်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စဟာ အထောက် အကူမပြုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး Gary Ruughead က ပြောပါတယ်။

အမေရိကန်ရေတပ်နဲ့ တောင်ကိုရီးယား ရေတပ်အကြား ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်ကြီး Gary Ruughead က ကတိပေး ပြောဆိုပါတယ်။ ပစိဖိတ်ဒေသအတွင်း တရားမဝင် ကုန်တွေ တင်ပို့နေတဲ့ သဘောၤတွေကို စောင့်ကြပ်ကြည့်ရေးမှာ အခြား ဒေသတွင်းနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

"သဘောၤတွေကို ဟန့်တားပြီး အရေးယူ ဆောင်ရွက်ဘို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒါက ကျနော်တို့ အမေရိကန် ရေတပ်က နိစ္စဓူ၀ လုပ်နေကျ ကိစ္စတွေထဲက ထမ်းဆောင်နေတဲ့ တာဝန်တွေပါ။ ဒီအတွက် ကျနော်တို့ သင်တန်းတွေ အမြဲတမ်း ပေးနေပါတယ်။"

မြောက်ကိုရီးယားဘက်ကတော့ မြောက်ကိုရီးယား ကုန်တင်သဘောၤတွေကို တောင်ကိုရီးယားရေတပ်ကဖြစ်ဖြစ်၊ အမေရိကန် ရေတပ်ကဖြစ်ဖြစ် ကြားဖြတ် စစ်ဆေးတာမျိုးတွေ လုပ်လာခဲ့မယ်ဆိုရင် ဒါဟာ စစ်ကြေညာတာပဲလို့ သတိပေး ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Won Tae-Jae ကတော့ တကယ်တမ်း မြောက်ကိုရီးယား ကုန်တင် သဘောၤ မြောက်ကိုရီးယား ပိုင်နယ်ထဲ ရောက်မရောက်ကို စောင့်ကြည့်နေဆဲပဲလို့ ပြောပါတယ်။ အခုအချိန် အထိတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားဘက်က စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းသုံး တာဝေးပစ်ဒုံးကျည်တွေဟာ အရင်ကနဲ့ နှိုင်းယှဉ်ရင် ပစ်မှတ်ကို တိတိကျကျ ချိန်ရွယ်နိုင်ပြီး အဝေးကို ရောက်အောင် ပိုပြီးတော့ ပစ်ခတ်နိုင်လာပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ဒီ တာဝေးပစ်ဒုံးကျည်တွေဟာ မိုင်အားဖြင့် ၆၂၀ မိုင်၊ ကီလိုမီတာ တထောင် လောက်အထိ ရောက်အောင် ပစ်နိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် ဂျပန်နိုင်ငံကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့လည်း တောင်ကိုရီးယား သတင်းစာတစောင်မှာ ရေးပါတယ်။ မြောက်ကိုရီးယား ဘက်က စမ်းသပ်ခဲ့တဲ့ တာဝေးပြစ်ဒုံးကျည်တွေထဲမှာ သုံးခုက ပစ်မှတ်ကို တိုက်ရိုက် ချိန်ရွယ်နိုင်တဲ့ အမြန်နှုန်းပစ် Scud-ER စနစ်သုံး ဒုံးကျည်တွေဖြစ်တယ်။

မိုင်ခြောက်ရာကျော်အထိ ပစ်ခတ်နိုင်တယ်။ ကျန်တဲ့ ဒုံးကျည်ငါးခုကတော့ Scud-C အမျိုးအသား မိုင်သုံးရာ ကျော်ပဲ ပစ်ခတ်နိုင်တယ်လို့ အမည်မဖော်တဲ့ အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး တောင်ကိုရီးယားနိုင်ငံထုတ် Chosun Ilbo သတင်းစာက ရေးတာပါ။

တောင်ကိုရီးယား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Won Tae-Jae ကတော့

ပစ်မှတ်ကို ဘယ်လောက်အထိ တိတိကျကျ မှန်အောင် ပစ်နိုင်မယ်ဆိုတာကို တိုင်းတာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စောစော ပိုင်းက မြောက်ကိုရီးယားဘက်က ပစ်ခတ်ခဲ့တဲ့ဒုံးကျည်တွေက အမှားအယွင်းတွေ အများကြီးရှိခဲ့ပါတယ်။ အကြိမ် တော်တော်များများ သူတို့ဘက်က ကြေညာထားသလောက် အကွာအဝေးကို တကယ်တမ်း ရောက်အောင် ပစ်နိုင်တဲ့ အတိုင်းအတာ မရှိခဲ့ပါဘူး။ အခုတော့ သူတို့ဘက်က ဒီလို ပစ်ခတ်နိုင်စွမ်းကို တိုးမြှင့်ပြီး လုပ်လာတယ်။ တိုးတက်အောင် လုပ်လာတယ်လို့ ပြောရမှာပါဆိုပြီး ပြောဆိုသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG