သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဘန်ကီမွန်းဆောင်ရွက်မှုအတိုင်းအတာ ကုန်ဆုံးပြီ ဝေဖန်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်မရခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အောင်မြင်မှုမရှိဘူးလို့ အတိုက်အခံတချို့က သုံးသပ်နေကြသလို၊ တချို့အတိုက်အခံတွေကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍဟာ ပြီးဆုံးသွားခဲ့ပြီလို့ ဝေဖန်ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းထားတာတွေကို ကိုရန်နိုင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ စနေနေ့က ပြန်လည်ထွက်ခွာလာခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရတာ အပေါ် အလွန်ပဲ စိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပြုဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဒီခရီးစဉ်ဟာ အောင်မြင်မှုမရှိဘူးလို့ အတိုက်အခံ အင်အားစုတွေကတော့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါ တယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးလှုပ်ရှားတဲ့ US Campaign for Burma အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှု ဦးအောင်ဒင်ကတော့ အခုလို သုံးသပ်ပါတယ်။

“ခရီးစဉ်ကတော့ ကျွန်တော်တို့အမြင် အောင်မြင်မှု လုံးဝမရှိဘူး။ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင်က ပါဝင် ပတ်သက် ကြိုးစားပြီးတော့ နိုင်ငံတကာက တောင်းဆိုနေတဲ့ မျှော်လင့်ချက်တွေ ပြည့်ဝမလာတဲ့အတွက်ကြောင့်မို့ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ် က အောင်မြင်မှု မရှိတဲ့အပြင် အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အခန်းကဏ္ဍဟာ ဒီမှာတင် ပြီးဆုံးသွားပြီလို့ ကျွန်တော်တော့ ပြောရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံရေး ပြဿနာကို အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ ဝင်ရောက် ဖြေရှင်းဖို့ ဘယ်လိုမှ အောင်မြင်မှု ရနိုင်မယ် မဟုတ်ဘူးဆိုတာ သက်သေပြလိုက် တာ ပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရတဲ့အချိန်ဖြစ်နေတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ပေးမတွေ့နိုင်ဘူးလို့ မြန်မာစစ်အစိုးရက အကြောင်းပြချက်ပေးပါတယ်။ ဒီလို မြန်မာစစ်အစိုးရက အကြောင်းပြချက်ပေးတာနဲ့ ပတ်သက်ပြီး ဦးအောင်ဒင်က အခုလို ပြောပါတယ်။

“ကျိုးကြောင်းဆီလျော်မှု မရှိဘူးခင်ဗျ။ တကယ်ကျတော့ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို ပုဒ်မနဲ့ တရားစွဲထား စွဲထား၊ ဒေါ်အောင်ဆန်းစုကြည်တင်မက နိုင်ငံရေး အကျဉ်းသားအားလုံးကို ထောင်ချထားတဲ့အခါလည်း စစ်အစိုးရက ရာဇဝတ်မှု ကျူးလွန်လို့ ထောင်ချထားတယ်လို့ ပြောတာပဲ။ မြန်မာပြည်သူ တရပ်လုံးရဲ့ အမြင်၊ နိုင်ငံတကာ အစိုးရများရဲ့ အမြင်၊ ကုလသမဂ္ဂရဲ့ အမြင်မှာကျတော့ ဒီပုဂ္ဂိုလ်များ အားလုံးဟာ ၁အချက် အပြစ်ရှိတဲ့ ရာဇဝတ်သားတွေ မဟုတ်ကြဘူး။ သူတို့ဟာ အတင်းအကျပ် ဖမ်းဆီးချုပ်နှောင်ခံထားရမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ၂အချက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးဟာ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင် လှုပ်ရှားနိုင်စွမ်းရှိတဲ့ ပါဝင် လှုပ်ရှားဖို့ လိုအပ်သူများ ဖြစ်တယ်။ ဒါကြောင့် သူတို့ကို အကျဉ်းထောင်ကနေ လွှတ်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ပြီး နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ဒီပုဂ္ဂိုလ်တွေ အားလုံး ပါခွင့်ပေးရေးဟာ အင်မတန် အရေးကြီးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားတာ။ နအဖဘက်က ဘယ်လိုပဲ အကြောင်းပြချက်တွေ ပေးပေး ဒီအကြောင်းပြချက်တွေဟာ ခိုင်လှုံမှု မရှိပါဘူး။”

မြန်မာ စစ်အစိုးရရဲ့ အကြောင်းပြချက်ပေးတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦးကလည်း အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ပြည်တွင်းမှာ ပြဌာန်ထားတဲ့ ဥပဒေအရတော့ အကျဉ်းကျခံနေရသူ၊ သို့မဟုတ် အမှုရင်ဆိုင်နေရသူ တဦးကို တွေ့ဖို့အတွက် ခွင့်ပြုထားတယ်ဆိုတဲ့ ခွင့်ပြုချက်ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ ထောင်တွေမှာ ထောင်ဝင်စာ လာတွေ့သလိုမျိုး တွေ့မယ်ဆို တွေ့ခွင့်ရှိတဲ့ အခြေအနေမျိုး ဖြစ်တယ်။ အရင် ရာဇာလီတုန်းကလည်း အကျဉ်းထောင်ထဲအထိ သူကိုယ်တိုင် လာရောက်ပြီးတော့ တွေ့ခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ အခုတချိန် ဖြစ်တဲ့ ကိစ္စကတော့ သူတို့ ကိုယ်တိုင်က ခွင့်မပြုချင်တဲ့အတွက် ရမယ်ရှာ အကြောင်းပြပြီးတော့ တွေ့ခွင့်မပေးဘူးလို့ ကျွန်တော်တော့ မြင်တယ်။”

အာရှလူ့အခွင့်အရေးကောင်စီက ရှေ့နေဦးမင်းလွင်ဦး ပြောသွားတာဖြစ်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်မရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောဆိုလိုက်ပေမယ့်လည်း သူ့ရဲ့ ခရီးစဉ်အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင်ရတယ်၊ မရဘူးဆိုတာ တခုတည်းအပေါ်မှာ မူတည်နေတာ မဟုတ်ဘူးလို့လည် ပြောကြားခဲ့ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG