သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု လုံခြုံရေးကောင်စီ အပြင်းအထန် ရှုတ်ချ


ဒီရက်ပိုင်းတွေအတွင်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်နေတာဟာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နိုင်ငံတကာက ပြဋ္ဌာန်းချက်တွေကို အပြည့်အ၀ လိုက်နာဖို့လည်း မနေ့တုန်းက လုံခြုံရေးကောင်စီက တောင်းဆို လိုက်တာပါ။ ဒီအကြောင်း ကုလသမဂ္ဂ ရုံးချုပ်ကနေ ဗွီအိုအေသတင်းထောက် မာဂရက် ဘရှီးယား (Margaret Basheer) သတင်းပေးပို့ချက်နဲ့အတူ အခုတလော မြောက်ကိုရီးယားရဲ့ တရားမဝင် လက်နက်ရောင်းချမှုတွေနဲ့ ဆက်နွယ်မှုတွေကို အမေရိကန်ပြည်ထောင်စုက လိုက်လံခြေရာခံနေချိန် သူနဲ့ စစ်ဖက်ဆိုင်ရာ ပတ်သက်မှုတွေ ရှိနေတဲ့ မြန်မာစစ်အစိုးရတို့ရဲ့ ဆက်ဆံရေး အခြေအနေတွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်ပြင်ထဲကို စနေနေ့တုန်းက ဒုံးကျည် ၇ လုံး ပစ်လွှတ်လိုက်တဲ့နောက် လုံခြုံရေး ကောင်စီက ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစောင် ထွက်ပေါ်လာတာပါ။ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ယူဂန်ဒါနိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ရူဟခနာ ရူဂန်ဒါ (Ruhakana Rugunda) က ကြေညာချက်ကို ဖတ်ပြတဲ့ နေရာမှာတော့ …

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှုအဖြစ် ဒေသတွင်းနဲ့ နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ်နဲ့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။”

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လုံခြုံရေးပြဿနာတွေ ပိုပြီး ကြီးထွားမလာအောင် သက်ဆိုင်သူတွေအားလုံးက ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းထားတာပါ။ အခြေအနေတွေကို ဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့ သံတမန်ရေး၊ နိုင်ငံရေး နည်းလမ်းတွေနဲ့သာ ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန် ချထားကြောင်းလည်း လုံခြုံရေးကောင်စီဥက္ကဋ္ဌက ပြောခဲ့တာပါ။ ဒီလို အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို မြောက်ကိုရီးယားနိုင်ငံအပေါ် ဆောင်ရွက်လာတယ် ဆိုပေမဲ့လည်း တချိန်တည်း မှာ သူနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံပတ်သက်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ် လို့ အကဲခတ်တွေက တွက်ဆကြတာပါ။ ထိုင်း-မြန်မာနယ်စပ်က စစ်ရေးအကဲခတ် ဦးဌေးအောင်ကတော့ သူ့အယူအဆကို အခုလို ဆိုပါတယ်။

“ဗမာစစ်အစိုးရက မြောက်ကိုရီးယားနိုင်ငံကနေပြီးတော့ နျူကလီးယား နည်းပညာတွေ အပါအဝင် ဒုံးကျည်နဲ့ပတ်သက်တဲ့ နည်းပညာတွေ၊ တာဝေးပစ် အမြောက်ကြီးတွေနဲ့ ပတ်သက်တဲ့ နည်းပညာတွေ၊ ဒါတွေကို သူတို့ ရယူချင်နေတာ ရှိတယ်။ ပြီးတော့ ဒီပစ္စည်းတွေနဲ့ ဒါတွေရဲ့ အစိတ်အပိုင်းတွေကိုလည်း သူတို့ ဝယ်ယူနေတာတွေ ရှိတယ်။ အဲဒီလို ဝယ်ယူတဲ့နေရာ၊ နည်းပညာတွေ ရယူတဲ့နေရာမှာ တကြိမ်တည်း၊ တသုတ်တည်းနဲ့ အပြီးအပိုင် ရတာမျိုး မဟုတ်ဘဲ အဆင့်လိုက်၊ အသုတ် လိုက် ဝယ်ယူရတာတွေ ရှိတယ်။

“အဲတော့ အခု ကုလသမဂ္ဂကနေ မြောက်ကိုရီးယားကို ဇွန်လကစပြီး အရေးယူ ပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့နောက်ပိုင်းက စပြီး ဗမာစစ်အစိုးရအတွက် မြောက်ကိုရီးယားက တင်ပို့ရမယ့် နည်းပညာတွေပဲဖြစ်ဖြစ်၊ စက်ပစ္စည်း အစိတ်အပိုင်းတွေပဲ ဖြစ်ဖြစ်၊ စစ်လက်နက်ပစ္စည်းတွေပဲ ဖြစ်ဖြစ်ပေါ့၊ ဒါတွေက ပြတ်တောက်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ အဲဒါကြောင့် ဒီပိတ်ဆို့မှုက ဗမာစစ်အစိုးရကိုလည်း အများကြီး ထိခိုက်စေနိုင်တာ သေချာပါတယ်။”

မြောက်ကိုရီးယားနိုင်ငံက မြေအောက် နျူကလီးယား စမ်းသပ်မှုတွေကို လုပ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့လထဲမှာပဲ လုံခြုံရေး ကောင်စီက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ တခဲနက် ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီအထဲမှာဆိုရင် တားမြစ်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကို မြောက်ကိုရီးယားနိုင်ငံက တင်ပို့တယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ရှာဖွေခွင့်ရှိဖို့လည်း ပါဝင်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ဟာ အောင်မြင်တဲ့ ရလဒ်တွေ ရှိလာနေတယ်လို့ ဂျပန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ယူကီအို တာကာဆု (Yukio Takasu) က ဆိုပါတယ်။ ပြီးခဲ့တဲ့ လလယ်ပိုင်းကစလို့ တားမြစ်ထားတဲ့ လက်နက်တွေ သယ်ဆောင်ပြီး မြန်မာနိုင်ငံဘက် ဦးတည်သွား နေတယ်လို့ သံသယရှိနေကြတဲ့ ကမ်နမ် - ၁ အမည်ရတဲ့ မြောက်ကိုရီးယားသင်္ဘော နေရပ်ရင်း ပြန်လှည့်သွားနေပြီဆိုတဲ့ သတင်းကို ကိုးကားပြီး သူက ပြောလိုက်တာပါ။

“ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံအနေနဲ့ ဒီလို ဘယ်နေရာပဲသွားသွား၊ အဲဒီဒေသမှာရှိတဲ့ ဆိပ်ကမ်းတွေ၊ နိုင်ငံတွေက ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေတယ်ဆိုတာကို သိသွားတာဟာ ကောင်းတယ်လို့ ကျနော် ယူဆပါတယ်။ ဖြစ်နိုင်စရာရှိတာကတော့ ဒီအတွက်ကြောင့်လည်း သူတို့ လမ်းကြောင်းပြောင်းသွားတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကြိုဆိုရမယ့် ဖြစ်ရပ်ပါ။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်လာနေတဲ့ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုကလည်း ဒီလို လက်နက်ရောင်းချမှုတွေမှာ ငွေကြေးလွှဲပြောင်းမှုတွေ အပါအဝင် တခြားဆက်နွယ်ပတ်သက်မှုတွေ ရှိတယ်လို့ သံသယရှိတဲ့ ကုမ္ပဏီတွေကို လိုက်လံခြေရာခံပြီး ပိတ်ဆို့ဖို့ လုပ်နေတာတွေလည်း ရှိပါတယ်။ မနေ့တုန်းကဆိုရင်လည်း အမေရိကန်ပြည်ထောင်စုက အထူးသံကိုယ်စားလှယ် ဖိလစ် ဂိုးလ်ဒ်ဘာ့ဂ် (Philip Goldberg) ဟာ မလေးရှားအစိုးရနဲ့ တွေ့ဆုံပြီး မြောက်ကိုရီးယား လက်နက်ရောင်းဝယ်မှုတွေနဲ့ ဆက်နွယ်တယ်လို့ ယူဆတဲ့ မလေးရှားဘဏ်တခုနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ လုပ်ခဲ့တာပါ။

ဒီလိုပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ စတူးအာ့တ် လီဗေး (Stuart Levey) ဟာ ဆိုရင် လည်း အလားတူ တရုတ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ အစီအစဉ်တွေ ရှိနေပါတယ်။ ဒီလို မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက် တင်ပို့ ရောင်းချမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ခြေရာခံလိုက်နေတာနဲ့အမျှ မြန်မာစစ်အစိုးရရဲ့ မြောက် ကိုရီယားနိုင်ငံက စစ်ရေးအကူအညီတွေကို ရယူဖို့ ကြိုးပမ်းမှုတွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနေတယ်လို့ ဦးဌေးအောင်က ဆိုပါတယ်။

“မြောက်ကိုရီးယားနဲ့ ဗမာစစ်အစိုးရကြားမှာ ဆက်ဆံရေးကတော့ ငွေရေးကြေးကိစ္စတွေမှာ သူတို့က တိုက်ရိုက် ကုန်ပစ္စည်း ချင်း လဲလှယ်တဲ့ ဘာတာစနစ်ကို ကျင့်သုံးနေတယ်လို့ ကျနော်တို့ ကြားထားတာရှိတယ်။ ဒါပေမယ့်လည်း တချို့ကိစ္စတွေမှာ မြောက်ကိုရီးယားကလည်း ငွေကြေးအရ လိုအပ်နေတာတွေ ရှိနိုင်တယ်လေ။ အဲဒီအခါကြတော့ ငွေကြေးအရ အပြန်အလှန် ကြားခံကုမ္ပဏီတွေထားမယ်၊ ကြားခံနိုင်ငံတွေ ထားပြီးတော့ ငွေရေးကြေးရေးအရ ဆက်ဆံနေတာမျိုး၊ လုပ်တာမျိုး ရှိရင် တော့ ဗမာစစ်အစိုးရကို တိုက်ရိုက်ထိခိုက်နိုင်တာပေါ့။

“အခုကြားနေရတဲ့ သတင်းတွေအရ မလေးရှားနိုင်ငံကတဆင့် ဗမာစစ်အစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံနေတယ်ဆိုရင်၊ အဲဒီကိစ္စကို အမေရိကန်က တင်းတင်းကျပ်ကျပ် အရေးယူနိုင်မယ်ဆိုရင် ဗမာစစ်အစိုးရနဲ့ မြောက်ကိုရီးယား အစိုးရတို့ ကြားမှာ ရှိနေတဲ့ ငွေရေးကြေးရေး ဆက်ဆံမှုတွေက ပျက်စီးသွားနိုင်တာပေါ့။ အဲဒီအတွက်လည်း ဗမာစစ်အစိုးရကို အများကြီး ထိခိုက်နိုင်တယ်လို့ ကျနော်ယူဆတယ်။”

အမေရိကန်နိုင်ငံကတော့ မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို အကောင်အထည် ဖော်ဖို့အတွက် မကြာသေးခင်ကပဲ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားတာ ဖြစ်သလို ပြီးခဲ့တဲ့ အပတ်ထဲမှာတုန်းကပဲ မြောက်ကိုရီးယားရဲ့ စစ်လက်နက် ရောင်းချမှုတွေနဲ့ ဆက်နွယ်ပြီးတော့ နမ်ချောင်ဂမ် ထရေးဒင်း ကော်ပိုရေးရှင်းနဲ့ အီရန်နိုင်ငံ အခြေစိုက်ထား တဲ့ ဟောင်ကောင် အီလက်ထရောနစ် ကုမ္ပဏီတွေကို ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ အမိန့်တရပ်လည်း ထုတ်ပြန်ခဲ့တာပါ။ ဒီအထဲက နမ်ချောင်ဂမ် ကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့မှုတွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး သံသယရှိနေကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG