သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

အပြီးသတ် လျှောက်လဲချက် မူကြမ်း ရှေ့နေအကျိုးဆောင်အဖွဲ့ ဒေါ်စုကိုတင်ပြ


ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုထားတဲ့ကိစ္စမှာ ရှေ့ဆက်လုပ်သွားဖို့ရှိတာတွေနဲ့ပတ်သက်ပြီး အကျိုးဆောင် ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အင်းစိန်ထောင်ဝင်းအတွင်းက ဧည့်ရိပ်သာတခုမှာ ဒီကနေ့နေ့လယ်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရောက် ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ဆက်ထားပါတယ်။

မေလ ၁၄ ရက်နေ့ကတည်းက စစ်ဆေးလာခဲ့တဲ့ အမှုအတွက် ရှေ့ဆက် ဘာတွေ လုပ်ကြမယ်ဆိုတာကို တိုင်ပင် ဆွေးနွေးဖို့ ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြတာပါ။ အမှုက ပြီးသလောက်ဖြစ်လာပြီမို့ နောက်ဆုံးလျှောက်လဲချက် အတွက် ရှေ့နေတွေဘက်က ပြင်ဆင်ထားတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင် ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံတာမှာ ပါဝင်ခဲ့တဲ့ ရှေ့နေကြီး ဦးကြည်ဝင်းကပြောပါတယ်။

“အပြီးသတ် လျှောက်လဲချက် ခေါ်မှာပေါ့။ အဲဒါကို ပေးဖို့ ကျွန်တော်တို့ မူကြမ်းကို ပြုစုထားတယ်။ ဒေါ်စုကို ရှင်းပြတယ်။ စာမျက်နှာက ၁၈မျက်နှာ ရှိတယ်။ အဲဒါတွေကို သူ့ကို ရှင်းပြ၊ ပြန်ဆွေးနွေး။ နောက်ဆုံး အဲဒါကို ဒေါ်စုဆီမှာ ထားခဲ့တယ်။ ရေးထားတဲ့အထဲမှာ သိပ်မဆီလျှော်တာတွေကို ဖျက်ချင် ဖျက်မှာပေါ့။ နောက်ပြီး ဖြည့်ချင်တာလဲ ဖြည့်မှာပေါ့။”
အဲဒီလိုတွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရားစွဲဆိုခံနေရတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့လည်းပါပြီး ရှေ့နေ အဖွဲ့ ကတော့ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ တွေ့ခဲ့ကြပါတယ်။ တွေ့ဆုံချိန် တနာရီခွဲကျော်ကြာတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ သူတွေ့ခဲ့ရတာကိုလည်း ဦးကြည်ဝင်းက

“ကျွန်တော်တို့နဲ့ စကားပြောတဲ့အခါ တော်တော်လေး တက်တက်ကြွကြွပါပဲ။ ကျွန်တော်တို့ကို ဦးဆောင်ပြီး ပြောနေတာ။”

အမှုအတွက် နောက်ထပ် သတ်မှတ်ပေးထားတဲ့ ရုံးချိန်းကတော့ အခုလာမယ့် ဇူလိုင်လ ၁၀ ရက်၊ သောကြာနေ့ဖြစ်ပါတယ်။ ဒီ့မတိုင်ခင် ဇူလိုင်လ ၃ ရက်ရုံးချိန်းမှာ အပေါ်ရုံးက ယူထားတဲ့အမှုတွဲဖိုင် ပြန်မရောက်သေးလို့ဆိုပြီး ဘာမှ အမှု မစစ်ဆေး နိုင်ဘဲ ၁၀ ရက်နေ့ကို ပြန်ချိန်းခဲ့တာပါ။ အဲဒီ ဇူလိုင်လ ၃ ရက်နေ့ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ် စတဲ့နေ့ပါ။ မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာကို လက်ရှိ လွတ်လပ် စွာ အမှုစစ်ဆေးနေတဲ့အပေါ် ၀င်ရောက် စွက်ဖက်သလိုဖြစ်မှာစိုးတဲ့အတွက် တွေ့ခွင့်မပြုနိုင်တဲ့အကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပယ်ချခဲ့ပါတယ်။

အခုစစ်ဆေးနေတဲ့ တရားခွင်ကို အများပြည်သူ တက်ရောက် နားထောင်ခွင့် မရသလို သက်သေတွေ ခွင့်ပြုတာကလည်း ကွာခြား လွန်းတဲ့အတွက် တရားမျှတမှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြောထားပါတယ်။ အမှုကို စတင်စစ်ဆေးကတည်းက တရားစွဲဆိုသူတွေဘက်က တရားလိုပြသက်သေ ၁၄ ဦးထွက်ဆိုဖို့ တရားရုံးက လက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကိုတော့ ပထမပိုင်းမှာ တဦးပဲ လက်ခံခဲ့ပါတယ်။ တိုင်းရုံးကို အယူခံတင် လျှောက်ထားတဲ့ အခါ အခုထွက်ဆိုဖို့ရှိတဲ့ ဒေါ်ခင်မိုးမိုးကို လက်ခံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူး အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်တို့ကိုတော့ ဆက်ပြီး ပယ်ချခဲ့ပါတယ်။ နောက်ဆုံး အယူခံတင် လျှောက်ထားခဲ့တဲ့ ဗဟိုတရားရုံးကလည်း ပယ်ချခဲ့တဲ့အတွက် အခုအခါမှာတော့ ဒေါ်ခင်မိုးမိုးတဦးတည်းပဲ ထွက်ဆိုဖို့ကျန်တော့တာပါ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို မဖိတ်ခေါ်ပါဘဲ ကိုယ့်သဘောနဲ့ကိုယ် တိတ်တဆိတ် ရေကူးဝင်ရောက်လာခဲ့တဲ့ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယမ် ယက်တောကို လက်ခံခဲ့တာဟာ ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် တားမြစ် မိန့် ကို ဖောက်ဖျက်တာဖြစ်တယ် ဆိုတဲ့စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးကို တရားစွဲဆိုနေတာပါ။ မစ္စတာယက်တော ကိုလည်း လူဝင်မှုဥပဒေ အပါအ၀င် ပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားပါတယ်။

ဒီအမှု စပြီး စွဲတင်ကတည်းက ပြည်တွင်းပြည်ပကနေ ကန့်ကွက် ပြစ်တင် ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံထဲထိ လာပြီး တောင်းဆိုခဲ့ပေမဲ့ တွေ့ခွင့်တောင်မှ မရခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ ကျင်းပချိန်အထိ မြန်မာအာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့ အများက သုံးသပ်ကြကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG