သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုက်ကယ်ဂျက်ဆင် ရဲ့ နောက်ဆုံးခရီး


လော့စ်အိန်ဂျယ်လိစ် မြို့က Staples Center အားကစားကွင်းထဲမှာ ပေါ့ပ် စူပါစတား မိုက်ကယ်ဂျက်ဆင် အတွက် အောက်မေ့ဖွယ် အခမ်းအနား တရပ်ကို သူ့ကို ချစ်ခင်ကြတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ကမ္ဘာကျော် အနုပညာရှင်တွေ နဲ့ ပရိသတ် ထောင်ပေါင်းများစွာက မနေ့က ကျင်းပခဲ့ကြပါတယ်။ ကမ္ဘာတဝှမ်းမှာလည်း အလားတူ အောက်မေ့ဘွယ် အခမ်းအနားတွေကို ကျင်းပနေကြတာပါ။

သူ သေဆုံးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ မတိုင်ခင် ၂ ရက်အလိုမှာ အဲဒီ Staples Center အားကစားကွင်းထဲမှာပဲ သူ့ရဲ့ စင်မြင့် ဖျော်ဖြေပွဲတွေအတွက် နောက်ဆုံး အကြိုလေ့ကျင့်မှုတွေကို မိုက်ကယ်ဂျက်ဆင် လုပ်ခဲ့ပါသေးတယ်။ ပန်းတွေနဲ့ လွှမ်းထား တဲ့ မိုက်ကယ်ဂျက်ဆင် ရဲ့ ရွှေရောင်ဘောင်ခတ်ထားတဲ့ အခေါင်းကို စင်မြင့်ရှေ့မှာ ချထားပါတယ်။

ဂီတပညာရှင် Smokey Robinson က တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား (Nelson Mandela) အပါအဝင် မိတ်ဆွေတွေရဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့ အမှတ်တရ စကားတွေကို ဖတ်ပြရင်းနဲ့ အောက်မေ့ဖွယ် အခမ်းအနားကို စတင်ခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင် ဟာ ဒီကမ္ဘာကြီးပေါ်က အတော်ဆုံး အနုပညာရှင်တယောက် ပါပဲလို့ Motown တေးသံသွင်း ကုမ္ပဏီ ကို တည်ထောင်သူ Berry Gordy က ဆိုပါတယ်။

ရုပ်ရှင်သရုပ်ဆောင် Brooke Shields ကလည်း သူနဲ့ မိုက်ကယ်ဂျက်ဆင် တို့ရဲ့ ကလေးဘ၀ သူငယ်ချင်းတွေအဖြစ် အတူတူ ကြီးပြင်းလာတဲ့အကြောင်း တွေကို ပြောသွားပါတယ်။ ချာလီချက်ပလင် ရေးတဲ့ "Smile" ၊ "အပြုံး" ဆိုတဲ့သီချင်းက မိုက်ကယ် ရဲ့ အကြိုက်ဆုံးသီချင်း လို့ သူ က ပြောပါတယ်။

မိုက်ကယ်ဂျက်ဆင် ရဲ့ အစ်ကို Jermaine Jackson ကလည်း မိုက်ကယ်ဂျက်ဆင် လက်မှတ်ထိုးထားတဲ့ လက်အိပ် ကို ဝတ်ပြီး အမှောင်ချထားတဲ့ စင်မြင့်ပေါ်မှာ မိုက်ကယ် အတွက် သီချင်းတပုဒ် ဆိုသွားခဲ့ပါတယ်။

အခမ်းအနား ပြီးခါနီးမှာတော့ အဆိုကျော်တွေ အားလုံး စင်မြင့်ပေါ်တက်ပြီး အာဖရိကဒေသ ငတ်မွတ်ခေါင်းပါးမှု ပပျောက် ရေး ရန်ပုံငွေရှာဖို့အတွက် မိုက်ကယ် ဂျက်ဆင် နဲ့ Lionel Richie တို့ ရေးစပ်ခဲ့တဲ့ ၁၉၈၅ ခုနှစ်က မိုက်ကယ်ဂျက်ဆင် ရဲ့ အကျော်ကြားဆုံး တေးတပုဒ်ဖြစ်တဲ့ "We are the World" သီချင်းကို အတူတူ သီဆိုခဲ့ကြပါတယ်။

အခမ်းအနား အဆုံးမှာတော့ ပရိသတ်ရှေ့ သိပ်တွေ့ရလေ့မရှိတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ၁၁ နှစ်အရွယ် သမီးငယ်လေး Paris က သူ့ဖခင်ကို သူ ဘယ်လောက် ချစ်တယ်ဆိုတဲ့ အကြောင်း ငိုရင်းနဲ့ ပြောသွားပါတယ်။ အဲဒီနောက် မိုက်ကယ်ဂျက်ဆင် ရဲ့ခေါင်းကို အားကစားကွင်းထဲကနေ အပြင်ကို သယ်ထုတ်သွားခဲ့ကြပါတယ်။

XS
SM
MD
LG